မန်စီးတီးနဲ့ စာချုပ်ကိစ္စကို ခဏစောင့်ပေးဖို့ ဂွါဒီယိုလာ ပြောကြား
ပက်ဂွါဒီယိုလာဟာ သူ့ရဲ့ စာချုပ်သစ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လာမယ့် လအနည်းငယ်အတွင်း မန်စီးတီးအသင်း အကြီးအကဲတွေကို ဆက်လက် စောင့်ဆိုင်းစေဦးမှာ ဖြစ်ပါတယ်။
လက်ရှိ စာချုပ်သက်တမ်းက ၁၈ လအောက်သာ ကျန်ရှိတော့တာကြောင့် ဂွါဒီယိုလာအနေနဲ့ လာမယ့်ရာသီမှာ အသင်းမှာ ဆက်ရှိနေမလားဆိုတာကို မန်စီးတီးဘက်က အဖြေတောင်းနေခဲ့တာပါ။
မန်စီးတီးရဲ့ ဘောလုံးရေးရာ တာဝန်ခံ ဟူဂိုဗီယားနားဟာ ဂွါဒီယိုလာ ဘာတွေစီစဉ်နေလဲဆိုတာကို လုံးဝ မသိရှိရသေးသလို၊ ဂွာဒီယိုလာကိုယ်တိုင်လည်း ဘာလုပ်မယ်ဆိုတာကို အခုထိ ဝေခွဲမရသေးတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
သည်တယ်လီဂရပ်ဖ် (The Telegraph) သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂွာဒီယိုလာဟာ ရာသီမကုန်မချင်း ဘာကိုမှ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။ ဒီလို ရပ်တည်ချက်ကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုမှန်သမျှကို အစောဆုံး ဇွန်လလောက်မှသာ စတင်စဉ်းစားမှာ ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ရာသီကုန်တဲ့အခါမှသာ သူ့ရဲ့ ကစားသမားစုဖွဲ့မှု အခြေအနေ၊ အသင်းရဲ့ စီမံကိန်းတွေ ဘယ်လိုရှေ့ဆက်မလဲဆိုတာနဲ့ သူ့ရဲ့ လုပ်ငန်းခွင်အပေါ် စိတ်ခံစားချက်တွေကို ပြန်လည်သုံးသပ်ချင်နေတာပါ။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အသက် ၅၅ နှစ်အရွယ် နည်းပြကြီးဟာ ဘာလုပ်မယ်ဆိုတာကို တကယ်ပဲ ဆုံးဖြတ်ချက် မချရသေးပါဘူး။