မန်စီးတီးနဲ့ပွဲစဉ်မတိုင်ခင် ခံစစ်ပိုင်းထိုးနှက်ချက်တစ်ခု ကြုံတွေ့သွားခဲ့တဲ့ လီဗာပူး
လီဗာပူးနောက်ခံလူဖရင်ပေါင်က မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဒီအပတ်ထဲမှာပဲ ဒဏ်ရာအသစ်တစ်ခု ထပ်မံရရှိသွားခဲ့ပါတယ်။
အင်္ဂါညပိုင်း၊ နယ်သာလန်နဲ့ အီကွေဒေါတို့ တစ်ဂိုးစီသရေကျခဲ့တဲ့ခြေစမ်းပွဲမှာ ဖရင်ပေါင်က ပွဲအစ ၁၃ မိနစ်မှာတင် လူစားလဲလှယ်ခဲ့ရပါတယ်။ ဒါက ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ လီဗာပူးနည်းပြအန်းစလော့အတွက် နောက်ထပ်စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။
နယ်သာလန်အသင်းနည်းပြရော်နယ်ကိုးမန်းကလည်း ဖရင်ပေါင်ကို ဒဏ်ရာကြောင့် လူစားလဲခဲ့ရတယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ဒါဟာ တကယ်ကို စိတ်ပူစရာကောင်းတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။
"ဒါ တကယ့်ကိုထိုးနှက်ချက်ပါပဲ၊ သူ့ကိုလူစားလဲဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ရပါတယ်" လို့ ကိုးမန်းက ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ်ဖရင်ပေါင်ကို ကွင်းထဲမှထွက်ခွာချိန် တော်တော်လေး စိတ်ပျက်နေတဲ့အမူအရာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဖရင်ပေါင်အတွက်တော့ ဒါဟာ ဒီရာသီအတွင်း တတိယအကြိမ်ဒဏ်ရာရရှိမှုလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း၊ ဖရန့်ဖတ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ကြိမ်၊ ကွာရာဘတ်နဲ့ ဇန်နဝါရီလချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ကြိမ် ကြွက်သားဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
အခုဒဏ်ရာကြောင့် သူက သီတင်းပတ်အနည်းငယ်ကြာ အနားယူရနိုင်ပြီး မန်စီးတီးနဲ့ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်အပြင် ပီအက်စ်ဂျီ၊ ဖူဟမ်တို့နဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်သွားဖွယ် ရှိပါတယ်။
လတ်တလောမှာ ဘရက်ဒ်လေလည်း ရာသီကုန်အထိ အနားယူနေရလို့ နည်းပြအန်းစလော့က ဖရင်ပေါင်ရဲ့နေရာမှာ ဂျိုးဂိုးမက်ဇ် (သို့မဟုတ်) ဆိုဘိုဆလိုင်းတို့ကို အစားထိုးအသုံးပြုလာဖို့ ရှိနေပါတယ်။
လီဗာပူးပရိသတ်တွေအတွက်တော့ ဖရင်ပေါင်ရဲ့ဒဏ်ရာအခြေအနေကို အသေးစိတ်သိရဖို့ မန်စီးတီးနဲ့ပွဲမတိုင်ခင် သောကြာနေ့မနက်ပိုင်းမှာ ပြုလုပ်မယ့် နည်းပြအန်းစလော့ရဲ့သတင်းစာရှင်းလင်းပွဲကို စောင့်ဆိုင်းသွားရပါမယ်။