နယ်သာလန်အသင်းနည်းပြရာထူးမှ နုတ်ထွက်သွားတဲ့ ရော်နယ်ကိုးမန်း
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းရှုံးထွက်အဆင့်မှ ထွက်ခွာလာရပြီးနောက် ရော်နယ်ကိုးမန်းက နယ်သာလန်အသင်းနည်းပြရာထူးမှ တရားဝင်နုတ်ထွက်လိုက်ပါတယ်။
"နယ်သာလန်အသင်းရဲ့ နည်းပြချုပ်အဖြစ် ကျွန်တော့်ရဲ့တာဝန်တွေကို အဆုံးသတ်ဖို့ မနေ့ညပိုင်းမှာပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်" လို့ ကိုးမန်းက မော်ရိုကိုအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး နောက်တစ်ရက်မှာပဲ သူ့ရဲ့ Instagram မှတစ်ဆင့် အသိပေးခဲ့ပါတယ်
ဒီရှုံးပွဲအပြီး ကိုးမန်းကိုယ်တိုင်လည်း ဝေဖန်မှုအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အုပ်စုအဆင့်မှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ၄-၃-၃ ကစားဟန်ကို အသုံးမပြုဘဲ ရှုံးထွက်အဆင့်မှာ ၅-၂-၃ ကစားကွက်ဆီ ပြောင်းလဲခဲ့လို့ နယ်သာလန်အသင်းက ပြိုင်ဘက်ရဲ့ဖိအားပေးမှုအောက် ရောက်ရှိသွားခဲ့ပါတယ်။
နယ်သာလန်က သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပိုမှာ ချေပဂိုးပေးလိုက်ရသလို အချိန်ပိုကစားရာမှာလည်း ဘောလုံးကို မထိန်းချုပ်နိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရခြင်းသာပင် ကံကောင်းတဲ့အချက်လို့ ပြောနိုင်ပါတယ်။
ပွဲစဉ်အပြီးမှာတော့ နည်းပြက သူ့ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပြီး ဒီလိုအခြေအနေမျိုး ထပ်ကြုံရင်လည်း အခုအတိုင်းပဲ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ပို့စ်ထဲမှာတော့ "နယ်သာလန်အသင်းနဲ့ ကျွန်တော့်ရဲ့ဖြတ်သန်းမှုတွေ အခုလိုမျိုး အဆုံးသတ်သွားရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ သမိုင်းသစ်ရေးထိုးနိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုဖြစ်လို့ ကျွန်တော်တို့အားလုံး စိတ်ကူးမျှော်လင့်ချက်အပြည့် ဖြစ်ခဲ့ကြပေမဲ့ အထမမြောက်လာခဲ့ပါဘူး" လို့ ရေးသားထားပါတယ်။
"ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ထက် ပိုပြီ်စိတ်ပျက်နေမယ့်သူ မရှိပါဘူး။ နည်းပြတစ်ဦးအဖြစ် ဒီတာဝန်ကို ကိုယ်တိုင်ရယူသွားပါမယ်။ အမြဲတမ်းလည်း အခုလိုပဲ ခံစားရပါလိမ့်မယ်" လို့လည်း သူက ဆိုပါတယ်။
နည်းပြဘဝမှ အနားယူသွားတော့မယ့် ပုံစံမျိုးနဲ့ ကိုမန်းက သူ ကိုယ်တိုင်ခဲ့ဖူးတဲ့ ကလပ်အသင်းတိုင်းကိုလည်း အမည်တပ်ပြောကြားခဲ့သလို ကျန်းမာရေးမကောင်းနေချိန်မှာတောင် သူ့ကို ဝန်းရံပေးခဲ့တဲ့ ဇနီးသည်ဘာတီးနားကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
"ကျွန်တော့်ဇနီး ဘာတီးနားက သူကိုယ်တိုင် နေမကောင်းဖြစ်နေချိန်မှာတောင် ကျွန်တော်ရဲ့နည်းပြအလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ နေ့တိုင်း အားပေးကူညီခဲ့ပါတယ်။ ဒါဟာ မယုံနိုင်စရာကောင်းတဲ့ ကြံ့ခိုင်မှုတစ်ခုပါပဲ။ သူ့ကို ကျွန်တော် ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ စကားလုံးတွေနဲ့ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး" လို့ ကိုးမန်းက ရေးသားခဲ့ပါတယ်။