မန်စီးတီးကနေ ထွက်ခွာဖို့ပိုမိုနီးစပ်လာတဲ့ ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ ဒီနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဂွါဒီယိုလာဟာ မကြာသေးခင်ကမှ ကာရာဘောင်ဖလားကို ထပ်မံရရှိခဲ့ပြီး ဒါဟာ သူ့အတွက် မန်စီးတီးမှာ နောက်ဆုံးရရှိတဲ့ ဆုဖလား ဖြစ်လာနိုင်ပါတယ်။ သတင်းတွေအရ သူဟာ အသင်းကနေ ထွက်ခွာချင်နေပြီလို့ သိရပါတယ်။
အခုအခါမှာတော့ talkSPORT ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဂွါဒီယိုလာ မရှိဘဲ ရင်ဆိုင်ရမယ့် အခြေအနေအတွက် သူ့ရဲ့ လက်ရှိစာချုပ်ကို အဆုံးထိ ဆက်ရှိနေမှာလားဆိုတာကို ဂွါဒီယိုလာထံ တရားဝင် မေးမြန်းထားပါတယ်။
အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဟူဂိုဗီယားနား အပါအဝင် အသင်းတာဝန်ရှိသူတွေဟာ အသက် ၅၅ နှစ်အရွယ် ဂွါဒီယိုလာတစ်ယောက် ဒီရာသီကုန်မှာ အသင်းမှာ ဆက်ရှိနေမှာလားဆိုတာကို အခုထိ မသိရသေးဘဲ ဒါဟာ အသင်းအတွက် အတော်လေး စိုးရိမ်စရာ ဖြစ်နေတယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း ဂွါဒီယိုလာကိုယ်တိုင်က စာချုပ်သက်တမ်း မတိုးခင်မှာ အသင်းမှာ ဆက်နေဖို့ထက် ထွက်ခွာဖို့က ပိုနီးစပ်နေပြီလို့ ဝန်ခံခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ အသင်းမှာ ထာဝရ ရှိနေမှာ မဟုတ်ဘူးလို့လည်း သတင်းထောက်တွေကို ပြောဆိုရင်း အသင်းကနေ ထွက်ခွာမယ့် အရိပ်အယောင်တွေကို ပြသခဲ့ဖူးပါတယ်။
အကယ်၍ ၂၀၁၆ နွေရာသီကတည်းက အသင်းကို တာဝန်ယူခဲ့တဲ့ ဂွါဒီယိုလာသာ ရာထူးကနေ နုတ်ထွက်ခဲ့မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် အန်ဇိုမာရက်စကာဟာ အဓိက လျာထားခံရသူတွေထဲမှာ တစ်ယောက်အဖြစ် ပါဝင်နေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြနေပါတယ်။
ချယ်လ်ဆီးအသင်းမှာ ၁၈ လကြာ တာဝန်ယူခဲ့ပြီး နှစ်သစ်ကူးနေ့မှာပဲ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာခဲ့တဲ့ မာရက်စကာဟာ အရင်က မန်စီးတီး ယူ-၂၁ အသင်းကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ့ကို မန်စီးတီးဘုတ်အဖွဲ့က သဘောကျနေပြီး လာမယ့်လတွေအတွင်းမှာ အဆိုပါ အီတလီလူမျိုးနည်းပြကို ဆက်သွယ်နိုင်ခြေ ရှိပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ မန်စီးတီးအနေနဲ့ ဂွါဒီယိုလာရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပြီး သူ့ရဲ့ အနာဂတ်အတွက် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကို အမြဲတမ်း ပေးထားတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။