သူ့ရဲ့အကြီးမားဆုံးပြိုင်ဘက်က ရီးရဲလ်မဟုတ်ဘဲ လီဗာပူးနည်းပြဟောင်း ကလော့ပ်ဖြစ်တယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ မန်စီးတီးအသင်း ထွက်ခွာခဲ့ရတာဟာ အသင်းနှစ်သင်းတွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာ ရီးရဲလ်မက်ဒရစ်က ၅ ကြိမ်အထိ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်လားလို့ မေးမြန်းတဲ့အခါမှာတော့ ဂွါဒီယိုလာက "ကျွန်တော့်အတွက် အကြီးမားဆုံး စိန်ခေါ်မှုက လီဗာပူးမှာရှိခဲ့တဲ့ ယာဂန်ကလော့ပ်ပါ။ ခင်ဗျားတို့က စပိန်မှာပဲ အခြေချနေထိုင်ခဲ့ကြတာဆိုတော့ လီဗာပူး နဲ့ ပြိုင်ဆိုင်ခဲ့ရတာ ဘယ်လောက်အထိ ပြင်းထန်ခဲ့သလဲဆိုတာကို သတိမထားမိခဲ့ကြပါဘူး" လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
အဲ့ဒီနောက် အိမ်ကွင်းမှာ ရီးရဲလ်ကို ရှုံးနိမ့်ပြီး ပြုတ်ခဲ့ရတဲ့အပေါ် သတင်းစာရှင်းလင်းပွဲမှာ လှောင်ပြောင်သလို ပုံစံမျိုးနဲ့ "သူတို့က ကျွန်တော်တို့ထက် ပိုပြီးတော့ နောက်တစ်ဆင့်တွေကို တက်လှမ်းနိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးနဲ့ ကစားပြခဲ့သလဲဆိုတာကိုတော့ သူတို့လည်း သိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဂုဏ်ယူပါတယ်" လို့ ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။