ဒက်ဂန်ဟမ်အသင်းပိုင်ရှင် KSI ကို သတိပေးစကားဆိုလိုက်တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်းအန်ဒီကာရိုး
နယူးကာဆယ်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်းအင်ဒီကာရိုးက ဒက်ဂန်ဟမ်နှင့် ရက်ဒ်ဘရစ်ချ် (Dagenham & Redbridge) အသင်းရဲ့ နည်းပြတာဝန်ကို ဘာကြောင့် လက်ခံဖြစ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
အသင်းပိုင်ရှင်သစ်ဖြစ်သူ KSI က နည်းပြလီဘရက်ဒ်ဘူရီကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ဒီရာထူးကို အန်ဒီကာရိုး လွှဲပြောင်းရယူခဲ့ပါတယ်။ ကာရိုးက ပြီးခဲ့တဲ့နွေရာသီ၊ ဘော်ဒိုးအသင်းမှ ထွက်ခွာလာပြီးနောက်ပိုင်း ဒက်ဂန်ဟမ်အသင်းမှာ ကစားသမားတစ်ဦးအဖြစ်နဲ့ရော၊ ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ်နဲ့ပါ အစောပိုင်းကတည်းက ပါဝင်ပတ်သက်လာခဲ့ပါတယ်။
"နည်းပြလုပ်ဖို့ဆိုတာ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့တဲ့ အရာပါ၊ ဒါပေမဲ့ အခွင့်အရေးရလာခဲ့ရင်တော့ ကျွန်တော် လုပ်နိုင်မှာပဲလို့ အမြဲတမ်း သိထားပါတယ်" လို့ ကာရိုးက The Sun သတင်းစာဆီ ပြောပါတယ်။
"အခုချိန်မှာတော့ ဒါက စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။ အခုသွားနေတဲ့ ပုံစံကိုလည်း တကယ် သဘောကျပါတယ်။ ဒါပေမဲ့ ဒီနည်းပြအလုပ်ကို ကျွန်တော် ဘယ်တုန်းကမှ ကြိုမစဉ်းစားခဲ့ဖူးဘဲ မမျှော်လင့်ဘဲ ရုတ်တရက်ရောက်လာတဲ့ အခွင့်အရေးတစ်ခုသာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော် ဘောလုံးကစားချင်ပါသေးတယ်။ ဒီမှာ ဘောလုံးကစားဖို့အတွက် စာချုပ်ချုပ်ထားတာဖြစ်လို့ နေ့တိုင်း ကွင်းထဲဆင်းချင်ပါတယ်။ အဲဒီထဲမှာ နည်းပြအလုပ်ပါ တွဲလုပ်ရမယ်ဆိုရင်လည်း လုပ်သွားပါမယ်။ ဒါပေမဲ့ ကစားသမားအဖြစ် မကစားရတော့ဘဲ အမြဲတမ်းနည်းပြအဖြစ်ပဲ လုပ်ရမယ်ဆိုရင်တော့ ဒါက အခုချိန်မှာ ကျွန်တော်လုပ်မယ့်အရာ မဟုတ်ပါဘူး" လို့ ကာရိုးက ပြောကြားသွားခဲ့ပါတယ်။