The network connection is lost.

Banner Image

ဘန်းစ်အနေနဲ့ စကော့တလန်အသင်းကို ငြင်းပယ်ခဲ့တာ မှန်ကန်တယ်လို့ ရှီးယား ဆို

ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားကတော့ အင်္ဂလန်လက်ရွေးစင်အသင်းဆီ ခေါ်ယူခြင်းခံရတဲ့ နယူးကာဆယ်ကြယ်ပွင့် ဟာဗေးဘန်းစ်အနေနဲ့ စကော့တလန်အသင်းကို ငြင်းပယ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီတစ်ပတ်မှာ ဥရုဂွေး၊ ဂျပန်တို့နဲ့ ရင်ဆိုင်ရမယ့် နည်းပြ တူချယ်လ်ရဲ့ အင်္ဂလန်လူစာရင်းမှာ အပြောင်းအလဲတချို့ ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသွားတဲ့ အီဇီနဲ့ ဂျာရဲလ်ကွမ်ဆာတို့နေရာမှာ ဘန်းစ်နဲ့ အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်တို့ကို အစားထိုး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘန်းစ်ဟာ ဒီနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် စကော့တလန်အသင်းအတွက် ကစားပေးဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး တစ်လအကြာမှာပဲ အင်္ဂလန်အသင်း အတွက် ကစားပေးဖို့ အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။

Betfair နဲ့ အင်တာဗျူးမှာတော့ ရှီးယားက ဘန်းစ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်းနဲ့ တူချယ်လ်အနေနဲ့ သူ့ကို အခွင့်အရေးကောင်းကောင်း ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း အခုလို ပြောပါတယ်။

"ဘန်းစ်အနေနဲ့ စကော့တလန်ကို ငြင်းခဲ့တာ မှန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားသွားရမယ့် အခွင့်အရေး ရှိနေပြီလေ။ လက်ရှိမှာ သူ့ထက် သာတဲ့သူတွေ အများကြီး ရှိနေပေမဲ့ အခုကနေ ရာသီကုန်အထိ သူ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်" လို့ ရှီးယားက ဆိုပါတယ်။

ဒါ့အပြင် ၎င်းက "သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ သူသာ စကော့တလန်ကို ရွေးခဲ့ရင် အသင်းထဲကို အေးဆေး ဝင်ဆံ့နိုင်မှာ သေချာပေမဲ့ အင်္ဂလန်မှာတော့ အဲဒီလို မဟုတ်ဘူးလေ။ သူ့ရှေ့မှာ တခြား ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ သူဟာ အခုရာသီမှာ ခြေစွမ်းပြနေပြီး နယူးကာဆယ်ရဲ့ ဘယ်တောင်ပံမှာဆိုရင် တကယ့်ကို ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာတာ သံသယဖြစ်စရာ မလိုပါဘူး" လို့ ဆက်ပြောခဲ့ပါတယ်။

"သူ အဲဒီနေရာမှာ ကစားရတာကို ပိုသဘောကျတာ မြင်သာပါတယ်။ သူ့ရဲ့ ခြေစွမ်းကို ဆက်ထိန်းထားနိုင်ပြီး ပွဲတိုင်းမှာ ပွဲထွက်ခွင့်ရဖို့နဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ စကော့တလန်မှာဆိုရင်တော့ သူဟာ လူစာရင်းထဲ ပါရုံတင်မကဘဲ ပွဲထွက်လူစာရင်းမှာပါ အလိုအလျောက် ပါဝင်နေမှာပါ။ ဒါပေမဲ့ အင်္ဂလန်မှာတော့ ဒါက တခြားစီပါပဲ" လို့လည်း ရှီးယားက နှိုင်းယှဉ် ပြောကြားသွားပါတယ်။

နည်းပြ တူဟယ်လ်ဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲတွေဖြစ်တဲ့ ဥရုဂွေး၊ ဂျပန်တို့နဲ့ ပွဲစဉ်တွေအတွက် ကွင်းတွင်းကစားသမား ၁၉ ဦးနဲ့ ဂိုးသမား ၄ ဦးပါဝင်တဲ့ အသင်းကို ဒီတစ်ပတ်မှာ စိန့်ဂျော့ခ်ျပန်းခြံလေ့ကျင့်ရေးကွင်းဆီ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။