အင်တာမီလန်က ရောင်းထုတ်ဖို့ ရှိနေတာကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ အလက်ဆန်ဒရို ဘက်စတိုနီ
အီတလီစီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အင်တာမီလန်အသင်းကနေ ထွက်ခွာဖို့ ပိုမိုသေချာလာနေတဲ့ အခြေအနေမှာ အသင်းရဲ့နောက်ခံလူ ဘက်စတိုနီက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ တွန်းအားပေးနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ဘက်စတိုနီဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ဦးလို့ ပြောလို့ရပြီး ၂၀၁၉ ခုနှစ်မှာ အင်တာမီလန်ကို ရောက်ရှိလာကတည်းက အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်းမှာပဲ ဥရောပရဲ့ ထိပ်သီးကလပ်အသင်းတချို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ အခုအချိန်ဟာ အီတလီမြေကနေ ထွက်ခွာဖို့ အနီးစပ်ဆုံး အခြေအနေ ဖြစ်နေပါတယ်။ Gazzetta dello Sport သတင်းစာရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ဘက်စတိုနီကို အရောင်းစာရင်းတင်ဖို့ ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၁၀၀ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ဘက်စတိုနီကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ကိုပဲ ဦးစားပေးနေပေမဲ့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏကြောင့် ကတ်တလန်ကလပ်အတွက် အခက်အခဲ ဖြစ်စေနိုင်တယ်လို့လည်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။