The network connection is lost.

Banner Image

ဆီဗီလာကိုဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပြီးပြည့်စုံတဲ့ကစားဟန်မရှိခဲ့ကြောင်း ဝန်ခံလာတဲ့ ဟန်စီဖလစ်ခ်

တနင်္ဂနွေနေ့က ဆီဗီလာကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က သူ့အနေနဲ့ ကစားဟန်နဲ့ပတ်သက်ပြီး အပြည့်အဝ စိတ်ကျေနပ်မှုမရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒီပွဲမှာတော့ အသင်းခေါင်းဆောင် ရာဖင်ဟာက ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ဂါဗီကလည်း ကာလရှည်ဒဏ်ရာကနေ ပြန်လည်ပါဝင်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီနေ့က ပြီးပြည့်စုံတဲ့နေ့တစ်နေ့လားလို့ မေးမြန်းရာမှာတော့ ဖလစ်ခ်က "မဟုတ်ပါဘူး။ ဂါဗီ ပြန်လာနိုင်တာက တကယ့်ကို ကောင်းမွန်သလို ၅ ဂိုး သွင်းနိုင်ခဲ့တာကလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ပွဲကစားပုံ အရှိန်ကတော့ နည်းနည်းနှေးသွားခဲ့တယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဘောလုံးကို ပြန်လည်ရယူဖို့အတွက် ဖိအားပေးကစားပုံတချို့ကို ကျွန်တော် သဘောမကျဘူး။ တိုးတက်ဖို့ လိုအပ်တာတွေ ရှိပါသေးတယ်။ ရရှိခဲ့တဲ့ ၃ မှတ်အတွက်တော့ ကျေနပ်သလို ဂါဗီ၊ ရာဖင်ဟာနဲ့ ရှာဗီအက်စပတ်တို့ကလည်း အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

"အဆင်ပြေနေတာတွေ အများကြီးရှိပေမဲ့ ကွင်းထဲမှာတော့ သိပ်ပြီး အဆင်မပြေတဲ့ အခြေအနေတွေလည်း ရှိနေတုန်းပါ။ ၅ ဂိုးသွင်းပြီး ၃ မှတ် ရခဲ့တာမှန်ပေမဲ့ ပွဲစစချင်းမှာ ကျွန်တော် မြင်ချင်တဲ့ ယုံကြည်ချက်အပြည့်နဲ့ ကစားပုံမျိုး မတွေ့ခဲ့ရပါဘူး။ ကစားဖို့ ပွဲစဉ်တွေ အများကြီး ကျန်ပါသေးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ပိုမြန်မြန် ကစားဖို့ လိုအပ်ပါတယ်။ အာရုံစိုက်ထားဖို့ လိုပါမယ်၊ နယူးကာဆယ်က တကယ့်ကို အသင်းကောင်းတစ်သင်းပါ" လို့ ၎င်းက ဆက်ပြောပါတယ်။

ဂျာအို ကန်ဆယ်လိုနဲ့ ပတ်သက်ပြီးတော့လည်း ဖလစ်ခ်က "သူက အသားကျဖို့ အချိန်လိုနေသေးသလို ပွဲကစားခွင့်နည်းပါးနေတာကြောင့် ကြံ့ခိုင်မှုပိုင်း လိုအပ်ချက်လေးတွေ ရှိနေပါတယ်။ သူ့မှာ နည်းစနစ်ပိုင်း ကောင်းမွန်မှုရှိပြီး ပင်နယ်တီနှစ်ကြိမ်တောင် ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ ကန်ဆယ်လိုကို ခေါ်ယူခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုပါ၊ ဒါပေမဲ့ အသားကျဖို့အတွက် အချိန်နည်းနည်းတော့ ထပ်ပေးရပါဦးမယ်" လို့ ဆိုပါတယ်။

ဂါဗီ ပြန်လာနိုင်တဲ့အပေါ်မှာလည်း "သူ ပြန်လာနိုင်တာက တကယ်ကို ဝမ်းသာစရာပါပဲ၊ ဆေးအဖွဲ့ကလည်း အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာတာပါ။ ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် တနင်္ဂနွေနေ့ ပွဲစဉ်တွေမှာ သူ ကစားနိုင်မလားဆိုတာ မသိသေးပေမဲ့ ဒီနေ့မှာတော့ အခွင့်အရေး ရရှိခဲ့တာပါ" လို့ ပြောပါတယ်။

"သူ့မှာ နည်းစနစ်ပိုင်း၊ ပေးပို့မှုပိုင်းနဲ့ တစ်ဦးချင်း ရင်ဆိုင်ကစားနိုင်တဲ့ အရည်အချင်းကောင်းတွေ ရှိပါတယ်။ သူ ပြန်လာနိုင်တဲ့အတွက် ကျွန်တော်တို့အားလုံး ပျော်ရွှင်နေကြပါတယ်" လို့ ဖလစ်ခ်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။