ယူနိုက်တက်ထံ ပြန်လာဖို့ ဝုဒ်ဝါ့ဒ်က ကမ်းလှမ်းခဲ့ဖူးတယ်လို့ ဗန်ဒါဆား ပြောကြား
မန်ချက်စတာယူနိုက်တက် အမှုဆောင်အရာရှိချုပ်ဟောင်း အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ အသင်းဆီ ပြန်လာဖို့ကိစ္စ ဆွေးနွေးခဲ့ဖူးတယ်လို့ အက်ဒဝင်ဗန်ဒါဆားက ဝန်ခံပြောကြားလိုက်ပါတယ်။
ယူနိုက်တက် ဂိုးသမားဟောင်းဟာ အဲဒီအချိန်တုန်းက အေဂျက်စ်အသင်းရဲ့ စီအီးအိုအဖြစ် တာဝန်ယူနေချိန်ဖြစ်ပြီး ဝုဒ်ဝါ့ဒ်က သူ့ကို အားကစားဒါရိုက်တာ ရာထူးအတွက် လျာထားခဲ့တာ ဖြစ်ပါတယ်။
ဗန်ဒါဆားက The Overlap အစီအစဉ်မှာ "ဟုတ်ပါတယ်၊ မန်ချက်စတာယူနိုက်တက်မှာ တာဝန်တစ်ခုယူဖို့အတွက် အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ နှစ်ကြိမ်တိုင်တိုင် စကားပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းအရ အိုင်းယက်စ်မှာ ကျွန်တော့်ရဲ့ အလုပ်တွေ မပြီးသေးဘူးလို့ ထင်ခဲ့တာပါ။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ နေရာကို မရောက်သေးလို့ပါ။ ဒါပေမဲ့ သူ့ဘေးနားမှာပဲ တွဲပြီးလုပ်ရမယ့် ရာထူးတစ်ခုအတွက်တော့ မတူညီတဲ့ အချိန်နှစ်ခုမှာ သူ့နဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးဖြစ်ခဲ့ပါတယ်" လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
ဗန်ဒါဆားဟာ ယူနိုက်တက်မှာ ၆ ရာသီကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။