ပြင်းထန်ဒဏ်ရာရရှိပြီးနောက် အမြန်ဆုံးပြန်ကစားနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုလိုက်တဲ့ အီဆက်ခ်
တော့တင်ဟမ်အပေါ် ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ခြေထောက်အရိုးကျိုးဒဏ်ရာ ရရှိသွားပြီးနောက်ပိုင်း သူ့ရဲ့တိတ်ဆိတ်နေမှုကို လီဗာပူးတိုက်စစ်မှူးအီဆက်ခ် ဖြိုခွဲပစ်ခဲ့ပါတယ်။
အသက်-၂၆ နှစ်အရွယ်တိုက်စစ်မှူးက တော့တင်ဟမ်အသင်းဂိုးပေါက်ဆီ ဘောလုံးကန်သွင်းချိန် ဗန်ဒီဗန်နဲ့ ထိတွေ့မှုဖြစ်ပွားကာ ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့မှာ လီဗာပူးအသင်းက အီဆက်ခ်ရဲ့ဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ပြီးနောက် လာမယ့်သုံးလေးလလောက်အထိ ဆွီဒင်တိုက်စစ်မှူးအနားယူရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီနောက်မှာတော့ အီဆက်ခ်က အမြန်ဆုံးပြန်ကစားနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလုပ်ဆောင်မယ်လို့ ကတိပြုကာ Instagram မှတဆင့် ပရိသတ်တွေဆီ သတင်းစကားပေးပို့ခဲ့ပါတယ်။
အီဆက်ခ်က “ အချိန်ခဏလောက် အနားယူရတယ်ဆိုတာ စိတ်ပျက်စရာကောင်းလှပါတယ်။ ပြန်လည်သက်သာကောင်းမွန်လာဖို့ အချိန်ယူပြီး ကွင်းဘေးစည်းမှတဆင့် အားပေးနေပါမယ်။ တက်နိုင်သမျှ အမြန်ဆုံးပြန်ကစားနိုင်ဖို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားပါမယ်။
အသင်းဖော်တွေနဲ့ အခြားသူတွေရဲ့ ကြင်နာတဲ့သတင်းစကားပေးပို့မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေကို လစ်လျူမရှုထားပါဘူး”လို့ ပြောပါတယ်။