ဘာစီလိုနာက အိမ်လိုပဲလို့ ဖွင့်ဟပြောကြားလာတဲ့ ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက်မှ ဘာစီလိုနာသို့အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က စပိန်မြေမှာ သူ့အတွက်ဖိအားမရှိကြောင်းနဲ့ ဘာစီလိုနာက သူ့ရဲ့အိမ်လိုပဲ ခံစားရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုအခါမှာ ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနေပြီး အသင်းသစ်မှာ ထိပ်တန်းခြေစွမ်းကို ပြန်လည်ပြသထားနိုင်တာဖြစ်ပါတယ်။ ရာသီကုန်မှာတော့ အင်္ဂလန်သားအနေနဲ့ ဘာစီလိုနာနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုသွားဖွယ်ရှိတယ်လို့လည်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။
ယခုအခါ ဘီဘီစီအားကစားဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ရက်ရှ်ဖို့ဒ်က "ကျွန်တော်ဒီမှာ ဘာဖိအားမှမရှိပါဘူး။ ပုံမှန်ဘောလုံးကစားနေပြီး အိမ်မှာရောက်နေသလိုခံစားရပါတယ်။ ခြေလှမ်းတိုင်းမှာ ပျော်ရွှင်နေပါတယ်။ ဒီကိုရောက်လာတာ အရမ်းကောင်းတဲ့အတွေ့အကြုံပါ။ ဒီလိဂ်ရဲ့အကြောင်းနဲ့ ဒီနိုင်ငံရဲ့ယဉ်ကျေးမှုကိုလေ့လာရတာကလည်းပျော်စရာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အင်္ဂလန်သားက "ကျွန်တော်ငယ်ငယ်ကတည်းက ဘာစီလိုနာကို သဘောကျလာခဲ့တာပါ။ ဒီအသင်းရဲ့ပွဲတွေကိုကြည့်ရင် မတူညီတဲ့ရသကို ခံစားရပါတယ်။ စပိန်ဘောလုံးကစားဟန်ကို အရမ်းသဘောကျနေခဲ့တာပါ။ ဒီလိုအသင်းကြီးမှာကစားခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အသင်းနိုင်ပွဲရဖို့တတ်နိုင်သလောက် ကြိုးစားသွားပါမယ်"
"ကလပ်ရဲ့တောင်းဆိုချက်က ရိုးရှင်းပါတယ်။ သူတို့က ကစားသမားတွေကို အနိုင်ရစေချင်ကြပါတယ်။ အသင်းရဲ့ပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ပိုကောင်းလာဖို့ တွန်းအားပေးပါတယ်။ ဒီနေရာက ဘောလုံးကစားဖို့ ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ" လို့ပြောကြားခဲ့ပါတယ်။