ဘာစီလိုနာကို ၇ ဂိုးအထိပေးလိုက်ရတဲ့အပေါ် မှတ်ချက်ပြုလာတဲ့ အက်ဒီဟိုဝီ
နယူးကာဆယ်ယူနိုက်တက်နည်းပြ အက်ဒီဟိုဝီဟာ ဘာစီလိုနာအသင်းကို ၇ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ဘာဆင်ခြေမှ မပေးဘဲ အရှိကိုအရှိအတိုင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။
ပွဲအတွင်း နှစ်ကြိမ်တိုင်တိုင် ချေပဂိုးတွေ ပြန်သွင်းပြီး လိုက်ကစားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဘာစီလိုနာက ဂိုးပြတ်သွင်းယူပြီး အသာစီးရယူသွားခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈ ဂိုး ၃ ဂိုးနဲ့အတူ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာပါ။
ပွဲအပြီးမှာ ဟိုဝီက ChronicleLive ကို အခုလို ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ ခြေစွမ်းက ကျသွားတာ သိသိသာသာပါပဲ။ ပထမဆုံးပေးလိုက်ရတဲ့ ၄ ဂိုးက မပေးသင့်တဲ့ဂိုးတွေပါ။ အထူးသဖြင့် ပြစ်ဒဏ်ဘော (Set-plays) ကနေ ၂ ဂိုးပေးလိုက်ရတာက တော်တော်လေးကို မဖြစ်သင့်တဲ့ကိစ္စပါ၊ ဘာလို့လဲဆိုတော့ သူတို့က တခြားကစားကွက်တွေမှာ ဘယ်လောက်တောင် ကောင်းလဲဆိုတာ အားလုံးသိပြီးသားမို့လို့ ဒီလိုအခြေအနေမျိုးမှာ ပိုဂရုစိုက်သင့်တာပါ။"
"Corner နဲ့ Free-kick လိုမျိုး သာမန်အခြေအနေတွေကနေ ၂ ဂိုးပေးလိုက်ရတာကိုတော့ ကျွန်တော် တကယ်ပဲ သဘောမကျပါဘူး။ စိတ်ဓာတ်ပိုင်းအရကြည့်ရင်လည်း ပထမပိုင်းပြီးခါနီး ပင်နယ်တီဖြစ်ရပ်ကြောင့် ကျွန်တော်တို့ ပြန်မနိုးထနိုင်ခဲ့သလိုပါပဲ၊ ဘာကြောင့်လဲဆိုတာတော့ မသိဘူး၊ ကျွန်တော်တို့ဘက်က ပင်နယ်တီ ပြန်ရသင့်တယ်လို့ ခံစားခဲ့ရလို့ စိတ်ထဲရောက်သွားတာလားတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ရဲ့ ခြေစွမ်းကတော့ သိသိသာသာ ကျသွားတာ အမှန်ပါပဲ။ ဒီနေ့ ခံစစ်ကစားပုံက လွန်ခဲ့တဲ့ ရက်ပိုင်းကလိုမျိုး အဆင့်မှာ မရှိတော့ဘူး။ ပထမပိုင်းမှာ ကဏ္ဍတော်တော်များများမှာ ထူးထူးခြားခြား ကောင်းခဲ့ပေမဲ့ တစ်ဦးချင်းအမှားတွေ အများကြီး လုပ်ခဲ့မိပါတယ်" လို့ ဆိုပါတယ်။
ဟိုဝီက ဆက်ပြီး "ဟုတ်ပါတယ်၊ ပြိုင်ပွဲကနေ အခုလို ထွက်လိုက်ရတာ စိတ်မကောင်းစရာပါပဲ။ ဒီအခြေအနေကို ပြန်သုံးသပ်ရတာ တကယ်ကို ထူးဆန်းပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ တကယ်ကို ကောင်းခဲ့တယ်၊ သူတို့ကို အမီလိုက်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပြီး တကယ့်ကို ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ခံစစ်ကို ကောင်းကောင်း မထိန်းနိုင်ခဲ့သလို တစ်ဦးချင်း အမှားလေးတွေကြောင့်လည်း ပေးဆပ်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပထမပိုင်းကလောက် မကောင်းတော့ဘူး။ သူတို့က ကမ္ဘာ့အဆင့်မီ အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ရဲ့ အမှားတိုင်းကို အမိအရ အသုံးချသွားခဲ့ပါတယ်။ ပွဲနှစ်ပိုင်းလုံးကို ခြုံကြည့်ရင် သူတို့ တက်သွားသင့်တာ မှန်ပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ကြိုးစားခဲ့တာတွေနဲ့စာရင် ရလဒ်ကတော့ တော်တော်လေးကို ပြင်းထန်လွန်းပါတယ်" လို့ ပြောပါတယ်။
အန်သိုနီ အီလန်ဂါရဲ့ ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ ပတ်သက်ပြီး နည်းပြက "အဲဒါဟာ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံပါပဲ။ ရဲရဲဝံ့ဝံ့နဲ့ အထက်ကနေ ဖိကစားခဲ့လို့ သူတို့ကို ဒုက္ခတော်တော် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အဆင့်မြင့်ပြိုင်ပွဲမျိုးမှာ အမှားအယွင်းတစ်ခုခု ဖြစ်တာနဲ့ (ဥပမာ- ပထမဂိုးမှာ ကျွန်တော်တို့ ကစားသမားနှစ်ယောက် ချော်လဲသွားတာမျိုး) ချက်ချင်း အပြစ်ပေးခံရတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ သင်ခန်းစာ ယူရပါမယ်" လို့ နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။