ရက်ရှ်ဖို့ဒ်ကို အပြီးသတ်မခေါ်ယူနိုင်ခဲ့ရင် အစားထိုးဖို့ ကစားသမားနှစ်ဦးကို ဘာစီလိုနာအားကစားဒါရိုက်တာ ဒီကို လျာထား
မားကတ်စ်ရက်ရှ်ဖို့ဒ်အတွက် အပြောင်းအရွှေ့ သဘောတူညီမှု မရရှိခဲ့ရင် အစားထိုးဖို့အတွက် ဘာစီလိုနာအသင်းက ရွေးချယ်စရာ ကစားသမားစာရင်းကို ပြင်ဆင်ထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ရပ်ရှ်ဖို့ဒ်ကို ရာသီကုန်မှာ ယူရို သန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူခွင့်ရှိနေတာပါ။
ရပ်ရှ်ဖို့ဒ်ရော ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ကပါ သူတို့ကြားက လက်တွဲမှုကို ဆက်လက်ထိန်းသိမ်းသွားချင်တဲ့ ဆန္ဒရှိနေကြပါတယ်။
ဒါပေမဲ့လည်း တစ်ဖက်မှာ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် အပြီးသတ် အပြောင်းအရွှေ့ကိစ္စဟာ အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရပ်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့သာ အဆင်မပြေဖြစ်ခဲ့ရင် အစားထိုးဖို့အတွက် ဘာစီလိုနာ အားကစားဒါရိုက်တာ ဒီကိုက ရွေးချယ်စရာ နည်းလမ်းနှစ်ခုကို စဉ်းစားထားတယ်လို့ သိရပါတယ်။
အသင်းရဲ့ စာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတစ်ဦးကတော့ ဘာစီလိုနာ ကစားသမားဟောင်းဖြစ်သူ အက်ဒီ အက်ဇာလ်ဇူလီ ပါ။
ဒီတောင်ပံကစားသမားဟာ လက်ရှိမှာ ရီးရဲလ်ဘက်တစ်အသင်းအတွက် ကစားပေးနေပြီး လာလီဂါမှာ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
ကလပ်အသင်းဆီ စရောက်ချင်း ပထမဆုံးရာသီမှာ ခြေစွမ်း အတက်အကျ ရှိခဲ့ပေမဲ့ အခုတော့ နည်းပြ မန်နျူရယ် ပယ်လီဂရီနီ လက်အောက်မှာ အခု မော်ရိုကို ကစားသမားဟာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။
ဒီရာသီမှာ သူဟာ အသင်းအတွက် ပိုပြီး အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
ဘာစီလိုနာရဲ့ စာရင်းထဲမှာ ပါဝင်တဲ့ နောက်ထပ် နာမည်တစ်ခုကတော့ ဂျန် ဗာဂီလီ ဖြစ်ပါတယ်။
ဒီတောင်ပံကစားသမားလေးဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကြီးမှာ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေး နည်းပါးခဲ့တာကြောင့် မာယော့ကာအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။
အသက် ၁၉ နှစ်အရွယ် ဒီတောင်ပံကစားသမားဟာ လာလီဂါမှာ ပထမဆုံးရာသီကို အကောင်းဆုံး ဖြတ်သန်းနေပြီး အခုချိန်ထိ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။