The network connection is lost.

Banner Image

မဲလ်ဘုန်းဗစ်ထရီအသင်းမှာ ရင်းနှီးမြှုပ်နှံသူဖြစ်လာတဲ့ ယူနိုက်တက်စတားဟောင်း မာတာ

ယူနိုက်တက်နဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဟွမ်မာတာဟာ သြစတြေးလျထိပ်သီးကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းရဲ့ အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သြစတြေးလျ A-League ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Johnny Warren ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ မာတာဟာ ဥရောပပြင်ပမှာလည်း ဆက်လက်ခြေစွမ်းပြနေပြီး အောင်မြင်မှုတွေ ရရှိနေတာပါ။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတာဟာ အသင်းအတွက် ၅ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးခဲ့ပြီး အသင်းကို ၁၅ ကြိမ်မြောက် ဗိုလ်လုပွဲအဆင့်ရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အသက်အရွယ်ကြောင့် သူ့ကို အထင်သေးခဲ့ကြပေမဲ့လည်း အခုတော့ ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေပါပြီ။

ရင်းနှီးမြှုပ်နှံမှုမှာ စိတ်အားထက်သန်တဲ့ မာတာဟာ MLS ကလပ် San Diego FC နဲ့ BWT Alpine Formula One အသင်းတို့မှာလည်း ရင်းနှီးမြှုပ်နှံထားပြီးသား ဖြစ်ပါတယ်။

အခုအခါမှာတော့ သူဟာ မဲလ်ဘုန်းဗစ်ထရီရဲ့ ရှယ်ယာရှင်တစ်ဦးဖြစ်ဖို့ သဘောတူညီခဲ့ပြီး လာမယ့်နှစ်တွေမှာ A-League ပြိုင်ပွဲက ပိုပြီးတိုးတက်လာမယ်လို့ ဘာကြောင့်ယုံကြည်ရလဲဆိုတာကို အခုလို ရှင်းပြခဲ့ပါတယ်။

"သြစတြေးလျဘောလုံးလောကရဲ့ အနာဂတ်ကို ကျွန်တော် တကယ်ကို ယုံကြည်ပါတယ်။ မဲလ်ဘုန်းဗစ်ထရီကို ရောက်ကတည်းက ဒီကလပ်ရဲ့ စိတ်အားထက်သန်မှုနဲ့ A-League ရဲ့ အလားအလာတွေကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် ရာသီတစ်ခုစာအတွက်တင် မဟုတ်ဘဲ ရေရှည်အတွက်ပါ အနာဂတ်ကို အတူတူပုံဖော်သွားချင်တာပါ"

"ပြီးခဲ့တဲ့ရာသီက ကွင်းထဲမှာ ကစားခဲ့ရတာကို ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါကြောင့် ဗစ်ထရီမှာ ရှယ်ယာရှင်တစ်ဦးအဖြစ် ပါဝင်လိုက်တာဟာ သဘာဝကျတဲ့ နောက်ထပ်ခြေလှမ်းတစ်ခုပါပဲ။ ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတဲ့ ကလပ်နဲ့ပတ်သက်သူတွေ၊ သြစတြေးလျဘောလုံးလောကက လူတိုင်းကို ကျေးဇူးတင်ပါတယ်" လို့ သူက ဆိုပါတယ်။

မာတာဟာ Hearts အသင်းနဲ့ ဘရိုက်တန်အသင်းပိုင်ရှင် တိုနီဘလွန်းတို့လို ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး သြစတြေးလျဟာ နောက်ထပ် ဘောလုံးအင်အားကြီးနိုင်ငံ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။