အာမိုရင်ဟာ ယူနိုက်တက်ကို ပြန်လည်အသက်သွင်းဖို့အတွက် လျှို့ဝှက်လက်နက်တွေပိုင်ဆိုင်ထားတယ်လို့ မာတာပြော
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ဂျူအန်မာတာက နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းကိုပြန်လည်အသက်သွင်းပြီး အောင်မြင်မှုတွေရယူဖို့အတွက် လျှို့ဝှက်လက်နက်တွေပိုင်ဆိုင်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
ရာသီအစပိုင်းက ရလဒ်ပိုင်းဆိုးဝါးမှုတွေကြောင့် ဖိအားတွေများခဲ့တဲ့ အာမိုရင်ဟာ ယခုအခါမှာတော့ ယူနိုက်တက်မှာ တည်ငြိမ်မှုတစ်ခုကို ပုံဖော်ပေးထားနိုင်ပြီဖြစ်ပါတယ်။ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ယခုအခါမှာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်မှုမရှိခဲ့ဘဲ ၃ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယိ။
ယူနိုက်တက်ဟာ ဆန်းဒါးလန်း၊ လီဗာပူးနဲ့ ဘရိုက်တန်တို့ကို ၃ ပွဲဆက်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စီးတီးဂရောင်းမှာ နော့တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့တဲ့ပွဲကြောင့် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ
ကတ်စ်မဲရိုးရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းကနေ သွင်းဂိုး၂ ဂိုးကိုဆက်တိုက် ပြန်သွင်းခဲ့တာကြောင့် ပွဲရဲ့အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ရှုံးပွဲကြုံရဖို့နီးစပ်ခဲ့ပါတယ်။
သို့သော်လည်း တောင်ပံကစားသမား အာမက်ရဲ့ ၈၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ယူနိုက်တက်ဟာ ဖောရက်စ်ထံမှ သရေတစ်မှတ်ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။
လိုချင်တဲ့ အနိုင်ရလဒ် မဟုတ်ပေမယ့် သရေရလဒ်ရဖို့အတွက် အသင်းရဲ့ ကြံ့ကြံ့ခံ ရုန်းကန်အားဟာ အာမိုရင်လက်အောက်မှာ အသစ်တွေ့ရှိရတဲ့ စိတ်ဓာတ်တိုက်ပွဲဝင်အား ရဲ့ ကောင်းမွန်တဲ့ လက္ခဏာတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် မာတာက "ဘောလုံးလောကမှာဘယ်အသင်းအတွက်မဆို အရှိန်အဟုန်က အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ယူနိုက်တက်လို မျှော်လင့်ချက်များတဲ့ အသင်းကြီးတစ်သင်းမှာဆို ပိုပြီးတော့လိုအပ်ပါတယ်"
"ဒီအရှိန်အဟုန်နဲ့ဆို သူတို့ အောက်ကိုမကြည့်တော့ဘဲ အပေါ်ကိုပဲဆက်ကြည့်ဖို့ တွန်းအားတွေရမှာပါ။ ၃ ပွဲနိုင် ၁ ပွဲသရေကျထားတာဆိုတော့ ရှုံးပွဲမရှိလို့ အဆင်ပြေနေပါသေးတယ်"
"ဒါကြောင့် အာမိုရင်အနေနဲ့ ဒီအရှိန်အဟုန်ကို လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့အသုံးချနိုင်မယ်ဆိုရင်တော့ ပိုကောင်းတဲ့အခြေအနေကိုတည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ စနေနေ့မှာ တော့တင်ဟမ်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။