The network connection is lost.

Banner Image

လာလီဂါပွဲစဉ်ဇယားရေးဆွဲမှုကို အပြင်းအထန်ပေါက်ကွဲခဲ့တဲ့ ဟန်စီဖလစ်ခ်

ဒေါသအိုးပေါက်ကွဲနေတဲ့ ဟန်စီဖလစ်ခ်က လာလီဂါအဖွဲ့ချုပ်ရဲ့ပွဲစဉ်ဇယားရေးဆွဲထားမှုကို ဟာသတစ်ခုလို့ ပြောဆိုရင်း တာဝန်ရှိသူတွေဆီ မေးခွန်းထုတ်လာခဲ့ပါတယ်။
ဒီနေ့၊ ဆယ်လ်တာဗီဂိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ရှည်လျားကြပ်တည်းလွန်းနေတဲ့ လာလီဂါပွဲစဉ်ဇယားရေးဆွဲမှုနဲ့ပတ်သက်လို့ အပြင်းအထန်ဝေဖန်ခဲ့ကာ လိဂ်အဖွဲ့ချုပ်ရဲ့လုပ်ရပ်ကို ဟာသတစ်ခုလို့ သတ်မှတ်ရင်း ပွဲစဉ်ဇယားရေးဆွဲသောတာဝန်ရှိသူတွေကို ပွင့်ပွင့်လင်းလင်းမေးခွန်းထုတ်ခဲ့ပါတယ်။
ဒေါသထွက်နေတဲ့ ဟန်စီဖလစ်ခ်က “ လတ်တလောသီတင်းပတ်တွေအတွင်း ကျွန်တော်တို့အသင်း ပွဲစဉ်တွေ ဘယ်လောက်များများကစားခဲ့ပြီးပြီလဲဆိုတာ ခင်ဗျားတို့သိပါသလား? ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်ကို ကျွန်တော်တို့ နောက်ကျကစားရမှာလား? ကျွန်တော်တို့တွေ အတော်လေးနောက်ကျပြီးမှ အိမ်ပြန်ရောက်ပါမယ်။ ကစားသမားတွေဆိုရင် မနက်လေးနာရီ၊ ငါးနာရီလောက်မှ အိပ်ရာဝင်နိုင်ပါလိမ့်မယ်။ ဆင်ခြေပေးနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုကိစ္စတွေဟာ ဒီအရပ်မှာ ဖြစ်ပေါ်နေပါတယ်။ ဒါမျိုး အရင်တုန်းက မကြုံဖူးခဲ့ပါဘူး။ လိဂ်အဖွဲ့ချုပ်တိုင်းက ချန်ပီယံလိဂ်ပြိုင်ပွဲဝင်နေတဲ့ သူတို့ရဲ့ကလပ်အသင်းတွေကို ကာကွယ်ပေးကြပါတယ်။ အထူးသဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားတဲ့ကလပ်အသင်းကိုပေါ့။ အခုကိစ္စကတော့ မယုံကြည်နိုင်စရာပါပဲ။
ကျွန်တော်တို့မှာ အနားယူချိန်မရှိပါဘူး။ ဒါကြောင့် တာဝန်ရှိသူတွေနဲ့ ကျွန်တော် ဆွေးနွေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဒီပွဲစဉ်ဇယားနဲ့ပတ်သက်လို့ ဖြေရှင်းနိုင်ဖို့ ဘာအကြံအစည်မှမရှိလို့ပါ။
ဒါက အချက်အလက်တစ်ခုဖြစ်ပါတယ်။ အခု ဒီနေရာဆီလာပြီး ကျွန်တော် မကျေမနပ်နဲ့ ဆင်ခြေပေးနေတာမျိုး မဟုတ်ဘူး။ အိုကေ၊ အခုပွဲစဉ်က တနင်္ဂနွေနေ့လည်နှစ်နာရီမဟုတ်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ အခု ကျွန်တော်တို့က စနေညပိုင်းကိုးနာရီမှာ ကစားရပါမယ်။
ဘာကြောင့် ကျွန်တော်တို့ကို စနေညနေခြောက်နာရီမှာ မကစားစေချင်တာလဲ? အကြောင်းပြချက်တစ်ခုတော့ ပေးကြပါဦး။ ဒီဆုံးဖြတ်ချက်ချမှတ်ခဲ့သူတွေနဲ့လည်း ကျွန်တော် တွေ့ချင်ပါတယ်။ ကျွန်တော့်အတွက်တော့ အခုလိုအစီအမံတွေက ဟာသတစ်ခုလိုပါပဲ။ စပိန်ဘောလုံးလောကအတွက်လည်း မကောင်းဘူးလို့ ထင်ပါတယ်။ ယူရိုပါလိဂ်ကစားနေတဲ့ အခြားစပိန်ကလပ်အသင်းတွေလည်း ရှိပါတယ်။ ကျွန်တော်တို့သာ အောင်မြင်မှုရရှိမယ်ဆိုရင် စပိန်ဘောလုံးလောကအတွက်လည်း ရလဒ်ကောင်းဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ကလပ်အသင်း တစ်ခုမက ရှိပါတယ်။ ပြောစရာစကားလုံးမရှိတော့လောက်အောင် ဆွံ့အမိပါတယ်။ မယုံကြည်နိုင်စရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါအပြင် ဘောလုံးအဖွဲ့ချုပ်တိုင်းက သူတို့ရဲ့ကလပ်အသင်းတွေကို စောင့်ရှောက်ကြပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာတော့ ဒါမျိုးတွေ မရှိပါဘူး။ ဒါကြောင့် စီစဉ်ထားတဲ့အတိုင်းပဲ ဆက်ကစားပြီး မနက်ငါးနာရီ၊ ခြောက်နာရီလောက် အိမ်ပြန်ရောက်မှာပေါ့လေ။ လေးနာရီလောက်ပဲ အိပ်စက်နိုင်ပါမယ်။ ဒါက မယုံကြည်နိုင်စရာပါပဲ”လို့ ပြောပါတယ်။
ဒါက လာလီဂါပွဲစဉ်ဇယားရေးဆွဲမှုနဲ့ပတ်သက်လို့ ဟန်စီဖလစ်ခ်ရဲ့စိတ်ပျက်ဒေါသထွက်မှုကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း မဟုတ်ပါဘူး။ မတ်လနှောင်းပိုင်းမှာလည်း ဘာစီလိုနာကို နိုင်ငံတကာသီတင်းပတ်အပြီး နှစ်ရက်လောက်အကြာမှာ အိုဆာဆူနာနဲ့ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခဲ့လို့ ဂျာမန်လူမျိုးနည်းပြက သူ့ရဲ့စိတ်ပျက်ရမှုကို ထုတ်ဖော်ပြသဖူးပါတယ်။
အဲ့ဒီအချိန်တုန်းက ဟန်စီဖလစ်ခ်က “ ကျွန်တော့်ရဲ့တုံ့ပြန်မှုအကြောင်း မပြောချင်ပါဘူး။ ဒါက မကောင်းလှဘူးလို့ ထင်ပါတယ်။ ကစားသမားတွေက သူတို့ရဲ့နိုင်ငံံ့လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားရသလို ကျွန်တော်တို့အတွက်လည်း အခုပွဲစဉ်ကို ပါဝင်ကစားပေးရပါမယ်။ ဒီအချိန်မှာ ကစားခိုင်းတာ သင့်တော်ရဲ့လားဆိုတာ ကျွန်တော်တို့ ပြောနိုင်ပါတယ်။
[ဒေါ့မွန်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ဧပြီ ၁၂ ရက်] ညကိုးနာရီမှာ ကျွန်တော်တို့ လီဂါနက်စ်နဲ့အဝေးကွင်းပွဲစဉ် ကစားရမယ့်အကြောင်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့အဝေးကွင်းပွဲစဉ်တိုင်းက အမြဲတမ်းလိုလို ညကိုးနာရီ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အတော်လေးနောက်ကျပြီးမှ ပြန်ရောက်တတ်ပါတယ်။
ကစားသမားတွေရဲ့ကြံ့ခိုင်မှုပိုင်းနဲ့လည်း တိုက်ရိုက်ပတ်သက်ပါတယ်။ ဒီအတွက် ကျွန်တော် မပျော်ရွှင်မိဘူး”လို့ ပြောခဲ့ပါတယ်။
ကတ္တလန်သားတွေက ဒီည၊ ဆယ်လ်တာဗီဂိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှစတင်ကာ လာမယ့်ရက် ၃၀ အတွင်း ကိုးပွဲ ကစားသွားရပါမယ်။ သူတို့တွေက လာမယ့်ဧပြီ ၂၂ ရက်မှာ မာယော့ကာနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် လာမယ့်စနေနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကိုပါဒယ်လ်ရေးဖိုင်နယ်ပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။ ဟန်စီဖလစ်ခ်ရဲ့အသင်းက ခါးသီးပြိုင်ဘက်မက်ဒရစ်သားတွေထက် လေးမှတ်အသာရရှိပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။