
ရီးရဲလ်အိုဗီဒိုနဲ့ပွဲမှာ ဗင်နီစီးယက်စ်ကို ဘာကြောင့်အရန်ခုံထိုင်ခိုင်းခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ အလွန်ဆို
ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက တနင်္လာနေ့နံနက်က ရီးရဲလ်အိုဗီဒိုကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမား ဗင်နီစီးယက်စ်ဂျူနီယာကို ဘာကြောင့် အရန်ခုံထိုင်ခိုင်းပြီး လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ပြုခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာကတည်းက အလွန်ဆိုက အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကြောင့် ဗင်နီစီးယက်စ်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းထားခြင်းမရှိကြောင်း ကြိုတင်အသိပေးခဲ့ပါတယ်။ ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်ဆိုထားကြောင်း သတင်းတွေထွက်ပေါ်ထားတာကြောင့် အခုလို ကစားသမားကို ချန်လှပ်ခဲ့ခြင်းက ပရိသတ်တွေအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။
သို့သော်လည်း ဘရာဇီးလက်ရွေးစင်ဟာ ဒုတိယပိုင်း ၆၃ မိနစ်မှာ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြသခဲ့ကာ သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ရုံမက အသင်းဖော် ခီလီယန်အမ်ဘာပေအတွက်ပါ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ယခုရာသီ လာလီဂါမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဗင်နီစီးယက်စ်ကို အရန်ကစားသမားအဖြစ်သာ ထည့်သွင်းခဲ့ခြင်းနဲ့ပတ်သက်ပြီး အလွန်ဆိုက "လူတွေက တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဒါကြောင့် အပြန်အလှန်လေးစားမှုရှိကြဖို့ လိုပါတယ်။ ဘောလုံးမှာ ဆုံးဖြတ်ချက်တွေပြုလုပ်ရင် အသင်းအပေါ်မူတည်ပြီးပဲ ပြုလုပ်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာ အသင်းအတွက်အကောင်းဆုံးဖြစ်မယ့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်"
"ပွဲတစ်ပွဲအတွင်း လူစားလဲမှုတွေက အသင်းရဲ့ကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ ပြိုင်ဘက်ရဲ့အခြေအနေနဲ့ သက်ဆိုင်ပါတယ်။ ကစားသမားတွေအနေနဲ့ နောက်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့အရေးကြီးပါတယ်။ ပြီးတော့ အသင်းရဲ့စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီပွဲက အသင်းရဲ့တိုးတက်မှုကို ပြသနိုင်ခဲ့ပါတယ်။ ကစားသမားတွေကို အလှည့်ကျအနားပေးဖို့လိုအပ်တာကြောင့် ဒီလိုဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒီပုံစံအတိုငးပဲ ဆက်သွားမှာပါ" လို့ဖြေကြားခဲ့ပါတယ်။
လာမယ့်ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ တတိယမြောက်လာလီဂါပွဲစဉ်အဖြစ် မာယော့ကာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဗင်နီစီးယက်စ်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းလာမလား စောင့်ကြည့်ရပါမယ်။