The network connection is lost.

Banner Image

တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ဆဲလ်တစ်ကိုအနိုင်ရခဲ့လို့ ဘိုင်ယန်ကိုချီးကျူးလာတဲ့ ကွန်ပနီ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ဆဲလ်တစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရပေမယ့် တည်ငြိမ်တဲ့ခြေစွမ်းနဲ့အတူ အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ်ကို နည်းပြဗင်းဆင့်ကွန်ပနီက ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အနေနဲ့ ဆဲလ်တစ်ရဲ့အိမ်ကွင်းကိုလာရောက်ကစားခဲ့ရတာကြောင့် အခက်အခဲကြုံတွေ့နိုင်ခဲ့ပေမယ့် ကွန်ပနီက အသင်းရဲ့ကစားသမားတွေဟာ အလွန်တည်ငြိမ်တဲ့ခြေစွမ်းမျိုးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်း၊ အိုလီဆီတို့ရဲ့သွင်းဂိုးတွေနဲ့ ဆဲလ်တစ်ကို သက်တောင့်သက်သာဦးဆောင်ခဲ့ပြီး ၁ ဂိုးသာပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ကွန်ပနီက "ကျွန်တော်တို့ ဒီပွဲရဲ့ပထမပိုင်းမှာ အတော်လေးစွမ်းဆောင်ရည်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် တစ်ပွဲလုံးခြုံငုံကြည့်ရင်လည်း ကောင်းမွန်တဲ့ရလဒ်ရရှိခဲ့တယ်လို့ ပြောရပါမယ်။ ကျွန်တော် ဒီကွင်းအကြောင်းကိုသိပါတယ်။ ဒီမှာက ဘယ်လောက်အထိခက်ခဲကြမ်းတမ်းလဲဆိုတာ သိပေမယ့် အသင်းရဲ့ကစားသမားတွေကတော့ တည်တည်ငြိမ်ငြိမ်ပဲကျော်ဖြတ်ခဲ့ကြပါတယ်"

"ပွဲပြီးကာနီး နောက်ဆုံး ၁၀ မိနစ်လောက်မှာ ခံစစ်ကစားခဲ့ရပေမယ့် ကောင်းကောင်းခုခံနိုင်ခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ အသင်းက အနိုင်ကနေ ပြန်ရှုံးလောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဆဲလ်တစ်က အိမ်ကွင်းမှာ ရှုံးခဲတဲ့အသင်းပါ။အထူးသဖြင့် ဥရောပပြိုင်ပွဲတွေမှာဆို ပိုပြီးတော့ ခြေစွာပါတယ်။ ဒါကြောင့် ဒီပွဲမှာအနိုင်ရခဲ့လို့ ကိုယ့်အသင်းကိုယ်အသိအမှတ်ပြုရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆဲလ်တစ်ကို အိမ်ကွင်းဂျာမန်မြေမှာ ဧည့်ခံကစားသွားရမှာဖြစ်လို့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အတော်လေးအခြေအနေကောင်းနေပါတယ်။ သို့သော်လည်း ကွန်ပနီကတော့ လက်ရှိအချိန်မှာ အသင်းဟာ လေဗာကူဆင်နဲ့ယှဉ်ပြိုင်သွားရမယ့် ဘွန်ဒက်စ်လီဂါပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေပြီး ဘိုင်ယန်မြူးနစ်နဲ့ ၈ မှတ်အထိကွာဟနေပါတယ်။ 

ဘယ်လ်ဂျီယံသားနည်းပြက "စနေနေ့မှာ အရေးကြီးတဲ့ပွဲစဉ်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဲဒီပွဲကို အာရုံစိုက်ထားရပါမယ်။ ဒီနိုင်ပွဲအတွက်ကျေနပ်ပေမယ့် ကျွန်တော်တို့မှာ ပျော်နေဖို့အချိန်မရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။