
အာဆင်နယ်ပစ်မှတ် ခရစ္စတီယန်မော့စ်ကွာအတွက် ပထမဆုံး ကမ်းလှမ်းမှုကို တုံ့ပြန်လိုက်တဲ့ ဗလင်စီယာ
အင်အားပြည့် ရှိနေသော်လည်း နည်းပြ မီခယ် အာတီတာက ယခုနွေရာသီတွင် ဗဟိုခံစစ်မှူးအသစ်တစ်ဦးကို ခေါ်ယူရန် စိတ်အားထက်သန်နေပါတယ်။ အာဆင်နယ်အသင်းဟာ ဘုန်းမောက်မှ ဒင်း ဟူဂျ်ဆန်ကို ခေါ်ယူရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့ဘဲ စပိန်လက်ရွေးစင်က ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပါတယ်အင်္ဂလန်လက်ရွေးစင် မာ့ခ် ဂူဟီကလည်း အာဆင်နယ်ရဲ့ စောင့်ကြည့်မှုအောက်တွင် ရှိနေပြီး အိုင်းယက်စ်မှ ဂျိုရယ် ဟာတိုကိုလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
သို့သော်လည်း အာတီတာက မော့စ်ကွာကို နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားပုံရပါတယ်။ သို့သော် Eldesmarque သတင်းစာရဲ့ ဖော်ပြချက်အရ ဂန်နာတို့ဟာ ကနဦး ယူရို ၁၉ သန်း ဖြင့် ကမ်းလှမ်းမှုကို ဗလင်စီယာက ချက်ချင်းပယ်ချလိုက်ပြီးနောက် ကမ်းလှမ်းမှုကို တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ စပိန်ကလပ်က အသက် ၂၁ နှစ်အရွယ် ကစားသမားကို ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ထားပြီး အသင်းပုံစံသစ် တည်ဆောက်ရန်အတွက် အဓိက ကစားသမားအဖြစ် ရှုမြင်ထားပါတယ်။
လိုက်ပ်ဇစ်၊ အေစီမီလန်နှင့် အက်စတွန်ဗီလာတို့ကလည်း စပိန် ယူ-၂၁ လက်ရွေးစင်ကို ခေါ်ယူရန်အတွက် ချိတ်ဆက်မှုများ ရှိခဲ့သော်လည်း ဗလင်စီယာက စာချုပ်အသစ် ကမ်းလှမ်းရန် စိတ်အားထက်သန်နေပါတယ်။ ဗလင်စီယာက မည်သည့်စာချုပ်အသစ်တွင်မဆို လျော်ကြေးသတ်မှတ်ချက် ကို ထည့်သွင်းရန် စိတ်အားထက်သန်နေပြီး ဒါဟာ မော့စ်ကွာနှင့် သူ့ရဲ့ကိုယ်စားလှယ်များအတွက် အဓိက အငြင်းပွားဖွယ်ရာ အချက်တစ်ခု ဖြစ်နေပါတယ်။
ဗလင်စီယာက လျော်ကြေးသတ်မှတ်ချက်ကို ယူရို ၃၅ သန်းဝန်းကျင် သတ်မှတ်လိုသော်လည်း ကစားသမားရဲ့ အေးဂျင့်က ယူရို ၂၅ သန်းထက် မပိုသော ပမာဏကို တောင်းဆိုနေထားကာ ဗလင်စီယာ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိပါက ပြောင်းလွယ်ပြင်လွယ်မှု ရှိနိုင်ဖွယ်ရှိပါတယ်။ ဇူလိုင်လတွင် အမှုဆောင်အရာရှိချုပ် ရွန် ဂေါ်လေး နှင့် နောက်ထပ် ဆွေးနွေးပွဲတစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အဖြေရှာမရပါက အာဆင်နယ်ဟာ ယူရို ၃၀ သန်းဝန်းကျင် ကမ်းလှမ်းမှုဖြင့် အောင်မြင်နိုင်ဖွယ်ရှိနေပါတယ်။