The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရီးရဲလ်မက်ဒရစ်ထွက်ခွာရခြင်းအကြောင်းရင်းကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ကော်တိုရစ်

ပြိုင်ဘက်ပီအက်စ်ဂျီကို လေးဂိုးပြတ်ရှုံးနိမ့်မှုနဲ့အတူ ရီးရဲလ်မက်ဒရစ်ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားခရီးစဉ်က တုန်လှုပ်ချောက်ချားဖွယ် အဆုံးသတ်သွားပါတယ်။ နယူးဂျာစီမှာကစားတဲ့ပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်းမှာတင် ဇာဘီအလွန်ဆိုရဲ့အသင်းက ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေကို ဦးဆောင်ဂိုးနှစ်ဂိုး ပေးလိုက်ရပါတယ်။

MetLife Stadium အတွင်း ရီးရဲလ်မက်ဒရစ်အသင်းခံစစ်ပိုင်းအားနည်းချက်တွေကြောင့် ပီအက်စ်ဂျီရဲ့ အစောပိုင်းသွင်းဂိုးတွေ ပေါ်ထွက်လာခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာတင် ဖေဘီယန်ရုဇ်ရဲ့ တတိယမြောက်ဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးလိုက်ရပါတယ်။ ပီအက်စ်ဂျီအတွက် အပိတ်ဂိုးကိုတော့ ပွဲချိန်နှောင်းပိုင်းမှာ ဂွန်ကာလိုရာမို့စ်က သွင်းယူခဲ့ပါတယ်။

အခုအချိန်မှာတော့ အလွန်ဆိုရဲ့အသင်းက နွေရာသီအားလပ်ရက်ကာလဆီ ဦးတည်သွားခဲ့ပြီး သူတို့ရဲ့နံပါတ်-၁ ဂိုးသမားကော်တိုရစ်ကလည်း အခုရလဒ်မျိုး ဘယ်လိုပုံစံနဲ့ထွက်ပေါ်လာသလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမားက “ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ပြဿနာက ဘာဖြစ်မလဲ? ကျွန်တော်တို့က အသင်းတစ်ခုပုံစံမျိုး ဖိအားမပေးနိုင်ခဲ့ပါဘူး။ ပွဲအစမိနစ်ပိုင်းမှာတင် အမှားကြီးနှစ်ခုကျူးလွန်မိပြီး အဲ့ဒါက ကျွန်တော့်တို့ကို ထိခိုက်စေခဲ့ပါတယ်။ အခုပွဲစဉ်အတွက် ဇာဘီအလွန်ဆိုရဲ့အစီအမံတွေကို လိုက်နာဖို့ ကျွန်တော်တို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါကို အချိန်ယူလေ့လာပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်သွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရ ပွဲစဉ်ရဲ့ အခြေအနေတိုင်းမှာ ကျွန်တော်တို့တွေ အမြဲလိုလိုနောက်ကျနေခဲ့ပါတယ်”လို့ ပြောပါတယ်။

အသွင်သစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို အဆုံးမသတ်နိုင်သေးတဲ့ ရီးရဲလ်မက်ဒရစ်အတွက် ရာသီကြိုခရီးစဉ်တွေ မရှိသလို ရာသီကြိုခြေစမ်းပွဲစဉ်တွေကစားဖို့လည်း တရားဝင်မကြေညာထားပါဘူး။လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ပွဲစဉ်ဇယားရေးဆွဲထားမှုအရ အလွန်ဆိုရဲ့အသင်းက သြဂုတ် ၁၉ ရက်မှာ အိုဆာဆူနာနဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။