
ဆုဖလားတွေကိုင်မြှောက်ဖို့ ချဲလ်ဆီးသို့ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုလိုက်တဲ့ ပက်ဒရို
ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးပြီးနောက် ချဲလ်ဆီးတိုက်စစ်မှူးသစ် ဂျာအိုပက်ဒရို အသင်းသို့ပြောင်းရွှေ့လာခြင်းမှာ ဆုဖလားတွေကိုင်မြှောက်ဖို့သာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပက်ဒရိုဟာ ဘရိုက်တန်မှချဲလ်ဆီးသို့ မကြာသေးမီကမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းသစ်အတွက် ကလပ်ကမ္ဘာ့ဖလားမှာ ၂ ပွဲသာပါဝင်ကစားထားရပေမယ့် ၃ ဂိုးအထိသွင်းယူထားနိုင်ကာ ဆုဖလားတစ်လုံးကိုလည်း စတင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ပက်ဒရိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကမှ ဘရိုက်တန်မှ ချဲလ်ဆီးသို့ ပေါင်သန်း ၆၀ နဲ့ပြောင်းရွှေ့လာခဲ့ပြီး ယခုအခါမှာတော့ အသင်းသို့ရောက်ရှိတာ ၂ ပတ်မပြည့်မီမှာပဲ ဆုဖလားရရှိခဲ့ပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာလည်း ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဘရာဇီးလက်ရွေးစင်က "ကျွန်တော်ပြောမပြတတ်အောင်ပျော်ပါတယ်။ ချဲလ်ဆီးဆိုတာ ဒါပါပဲ။ ဒါကြောင့်ပဲ ကျွန်တော်ဒီကိုလာပြီး ဆုဖလားတွေလာယူတာပါ။ ကျွန်တော်ဒီမှာပျော်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဗိုလ်လုပွဲမှာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ ကိုးလ်ပယ်လ်မာက ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ရွှေလက်အိတ်ဆုကိုလည်း ချဲလ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကပဲ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ချဲလ်ဆီးကစားသမားတွေဟာ ကျန်ရှိတဲ့ ဇူလိုင်လတစ်လလုံးကို အနားယူအပန်းဖြေသွားမှာဖြစ်ပြီး ဩဂုတ်လမှသာ ရာသီကြိုအစီအစဉ်တွေပြုလုပ်သွားမှာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့စတင်ယှဉ်ပြိုင်သွားရမယ့် ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီမစတင်မီ အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ ခြေစမ်းပွဲစဉ်တွေအဖြစ် လေဗာကူဆင်၊ အေစီမီလန်တို့နဲ့ ခြေစမ်းသွားဦးမှာဖြစ်ပါတယ်။