ပီအက်စ်ဂျီနဲ့ပွဲမှာ ချဲလ်ဆီးရဲ့အစွမ်းကို ပြသသွားမယ်လို့ ဆိုလာတဲ့ ပက်ဒရို
ဒီနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အသင်းရဲ့အစွမ်း ပြသကြဖို့ ချဲလ်ဆီးတိုက်စစ်မှူး ပက်ဒရိုက အသင်းဖော်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ပထမအကျော့တုန်းကတော့ ၅ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားတာပါ။
"ဒီတစ်ပတ်က ကျွန်တော်တို့အတွက် ခက်ခဲခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အစွမ်းကို ကျွန်တော်တို့ သိပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားတွေအကြောင်းကိုလည်း သိသလို ခုထိလည်း ယုံကြည်မှုအပြည့် ရှိနေဆဲပါ" လို့ ပက်ဒရိုက ပြောပါတယ်။
"ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ပီအက်စ်ဂျီကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တုန်းက ကျွန်တော်တို့ရဲ့အစွမ်းကို ပြခဲ့ပြီးပါပြီ။ အခုလည်း အဲဒီလိုပဲ ၃ ဂိုး ထပ်သွင်းဖို့ လိုအပ်နေတာပါ"
"အသင်းသားတွေရော နည်းပြကပါ ယုံကြည်ထားကြသလို ပရိသတ်တွေအနေနဲ့လည်း ယုံကြည်ပေးကြဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ မနက်ဖြန်ပွဲက တကယ့်ကို ကြည့်ကောင်းမယ့်ပွဲ ဖြစ်လာမှာမို့လို့ပါ" လို့ ဆိုပါတယ်။
ချန်ပီယံလိဂ်မှာ ပထမဆုံးရာသီအဖြစ် ကစားခွင့်ရနေတဲ့ ပက်ဒရိုက "ချန်ပီယံလိဂ်မှာ ကစားရတာဟာ ကစားသမားတိုင်းရဲ့ အိပ်မက်ပါ။ ချဲလ်ဆီးမှာ ကစားရတာကိုလည်း ကျွန်တော် တကယ် သဘောကျပြီး ဒီမှာ ပျော်လည်း ပျော်ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ လူတိုင်းကို ကျွန်တော်တို့ရဲ့အစွမ်း ပြသဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ရထားတာပါ။ ဒီပွဲမှာ အနိုင်ရရှိဖို့ မျှော်လင့်ပါတယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။