
၂၀၂၇ အထိ ဘာစီလိုနာနဲ့စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဆက်ဇနီ
ပိုလန်ဝါရင့်ဂိုးသမား ဆက်ဇနီဟာ လက်ရှိကလပ်ဘာစီလိုနာနဲ့ ဆက်လက် လက်တွဲဖို့စိတ်အားထက်သန်နေတာကြောင့် ယခုအခါမှာတော့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။ အသက်-၃၅ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ဘောလုံးလောကမှ အနားယူကြောင်းကြေညာခဲ့ပေမယ့် ဘာစီလိုနာရဲ့ဂိုးသမားလိုအပ်ချက်ကြောင့် ကာလတိုစာချုပ်ချုပ်ဆိုပြီး ဘောလုံးလောကထဲသို့ ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်။
၂၀၂၄-၂၅ ဘောလုံးရာသီအတွင်းမှာ ဆက်ဇနီဟာ ဘာစီလိုနာနဲ့အတူ စပိန်ပြည်တွင်းဆုဖလားအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုလည်း အခိုင်အမာရရှိခဲ့ပါတယ်။ ဘာစီလိုနာရဲ့ နံပါတ် ၁ ဂိုးသမား တာစတီဂန်ကတော့ ၂၀၂၄ စက်တင်ဘာလမှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ လေ့ကျင့်ရေးကွင်းမှာသာ အချိန်ဖြုန်းနေခဲ့ရတာဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ ဆက်ဇနီကို အခုလိုသက်တမ်းတိုးခဲ့တာကြောင့် တာစတီဂန်ရဲ့အနာဂတ်ဟာ မသေချာမရေရာဖြစ်လာခဲ့ပြီး ဂျာမန်သားအနေနဲ့ ဒီနွေရာသီမှာပဲ အသင်းနဲ့လမ်းခွဲသွားနိုင်ချေရှိတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါ့အပြင်ဘာစီလိုနာဟာ အက်စ်ပန်ညိုဂိုးသမား ဂျိုအန်ဂါစီယာကိုလည်း ပြီးခဲ့တဲ့ ဇွန်လကမှာ စတင်ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းရဲ့ဂိုးသမားစာရင်းထဲမှာ အီနာကီပီနာကလည်း ကျန်ရှိနေပါသေးတယ်။
ဆက်ဇနီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အာဆင်နယ်မှာစတင်ခဲ့ပြီး စုစုပေါင်း ၁၈၁ ပွဲကစားခဲ့ကာ နောက်ပိုင်းမှာတော့ ဘရန့်ဖို့ဒ်၊ ရိုးမား၊ ဂျူဗင်တပ်စ်တို့မှာ ကစားသမားဘဝ ဖြတ်သန်းခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် စုစုပေါင်း ၂၅၂ ပွဲအထိပါဝင်ကစားခဲ့တဲ့ ပိုလန်သားဟာ အသင်းနဲ့အတူ စီးရီးအေဖလား ၃ ကြိမ်နဲ့ ကိုပါအီတလီယာဖလား ၃ ကြိမ်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆက်ဇနီဟာ ပိုလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၈၄ ပွဲပါဝင်ကစားခဲ့ပြီး ယူရိုချန်ပီယံရှစ် ၄ ကြိမ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။