The network connection is lost.

Banner Image

သူဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်မှာ မရှိတော့ဘူးလို့ ဝန်ခံလိုက်တဲ့အပြင် ဘာစီလိုနာကြယ်ပွင့်ကိုပါ ချီးကျူးလိုက်တဲ့ ဆဇက်နီ

ဘာစီလိုနာဂိုးသမား ဆဇက်နီက ဂျိုအန်ဂါစီယာကို အောင်မြင်မှုတွေရအောင် ဝန်းရံပေးနေသလို သူကိုယ်တိုင်လည်း အရင်လို အကောင်းဆုံးပုံစံမှာ မရှိတော့ဘူးဆိုတာကို သိရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဆဇက်နီဟာ လာလီဂါ ထိပ်တန်းကလပ်တစ်ခုကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမဲ့ အသင်းကနေ ထွက်ခွာမယ့်အစား နူးကမ့်မှာပဲ ဆက်နေပြီး စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ နေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သူရဲ့ ဘာစီလိုနာနဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်အထိ ရှိနေတာဖြစ်ပြီး ပိုလန်လက်ရွေးစင် ဂိုးသမားကြီးဟာ အသင်းရဲ့ ဂိုးပေါက်ရှေ့မှာ နေရာအပိုင်ယူထားတဲ့ ပထမဂိုးသမား ဂျိုအန်ဂါစီယာရဲ့ အရံဂိုးသမားအဖြစ်သာ ပါဝင်ပေးနေရတာပါ။

ဆဇက်နီဟာ ဘာစီလိုနာအတွက် ၁၀ ပွဲ ပါဝင်ကစားပေးထားပြီး ၁၇ ဂိုး ပေးထားရပါတယ်။ အသင်းအတွက် အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသေးပေမဲ့ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူကတော့ အသက်အရွယ်ရလာပြီဆိုတာကို ဝန်ခံထားပါတယ်။

"ကျွန်တော့်ရဲ့ ကစားသမားဘဝ အစောပိုင်းနှစ်တွေတုန်းကလို ဥရောပရဲ့ ထိပ်တန်းအဆင့်မှာ မရှိတော့တာကတော့ ရှင်းပါတယ်။ ကိုယ့်ထက် ပိုတော်တဲ့သူတစ်ယောက်ရှိနေတာကို လက်ခံဖို့က ကျွန်တော့်အတွက် အများကြီး ပိုလွယ်ကူပါတယ်။ ဂျိုအန်ဂါစီယာကို ကူညီဝန်းရံပေးရတာကိုလည်း ကျွန်တော် သဘောကျပါတယ်" လို့ ၎င်းက ဆိုပါတယ်။

သတင်းတွေအရ ဆဇက်နီဟာ ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်တွေကို ရောက်ရှိနေပြီဖြစ်လို့ ငွေကြေး ဒါမှမဟုတ် ပွဲထွက်ကစားခွင့်တွေထက် မိသားစုနဲ့ ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှုကိုပဲ ပိုပြီး အလေးထားတော့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂိုးသမားကြီး ဆဇက်နီဟာ စပိန်မှာ နေထိုင်ရတာကို ပျော်ရွှင်နေသလို အမေရိကန်မေဂျာလိဂ် ဒါမှမဟုတ် ဆော်ဒီလိဂ်တွေလို နေရာမျိုးတွေနဲ့ ယှဉ်ရင် မိခင်နိုင်ငံဖြစ်တဲ့ ပိုလန်နဲ့လည်း မဝေးလှတာကြောင့် ကစားသမားဘဝကနေ အပြီးတိုင် အနားမယူခင်မှာ အိမ်လွမ်းတဲ့ဒုက္ခကိုလည်း မခံစားချင်တော့တာ ဖြစ်နိုင်ပါတယ်။