ကိုယ့်အနာဂတ်ကိုယ်ဆုံးဖြတ်ဖို့ တာစတီဂန်ကိုသတိပေးလိုက်တဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က အသင်းမှာပွဲထွက်ကစားခွင့်မရဘဲ အရန်ခုံထိုင်နေရတဲ့ ဂိုးသမား မာ့ခ်အန်ဒရေတာစတီဂန်ကို ကိုယ့်အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်ဖို့ သတိပေးစကားပြောကြားလာခဲ့ပါတယ်။ ယခုနှစ်ရာသီအစကတည်းက ဒဏ်ရာပြဿနာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ တာစတီဂန်ဟာ လာမယ့်ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ဘာစီလိုနာအတွက် ပထမဆုံးအကြိမ်ပါဝင်ကစားဖို့ အခွင့်အရေးရှိနေပေမယ့် ဖလစ်က အသင်းရဲ့နံပါတ်ဦးစားပေးဂိုးသမားမှာ ဂျိုအန်ဂါစီယာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတာကြောင့် ဂျာမနီလက်ရွေးစင်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းက တာစတီဂန်အနေနဲ့ အသင်းမှာကစားခွင့်ရလိုပါက ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ကစားဖို့လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားထားတာကြောင့် ဘာစီလိုနာမှာကစားခွင့်မရတဲ့ တာစတီဂန်အနေနဲ့ နူးကမ့်မှ အငှားစာချုပ်နဲ့ထွက်ခွာနိုင်ကြောင်း ကောလာဟလတွေထွက်ပေါ်ထားပါတယ်။
တာစတီဂန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဖလစ်က "ဒါက သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်။ သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆွေးနွေးထားပါတယ်။ တာစတီဂန်ကို ကျွန်တော်အရမ်းလေးစားပါတယ်။ သူက အသင်းအတွက်အရမ်းကောင်းတဲ့ကစားသမားဖြစ်သလို၊ လူသားဆန်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာဆက်နေဖို့မနေဖို့ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
စနေနေ့က အိုဆာဆူနာကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်ကို အစာအိမ်ရောဂါဖြစ်နေတဲ့ ဂိုးသမား ဆက်ဇနီတစ်ယောက်လွဲချော်ခဲ့ပြီး လာမယ့် ကိုပါဒယ်ရေးပွဲစဉ်မှာတော့ ဘယ်ဂိုးသမားက ပွဲထွက်ခွင့်ရမလဲ တိတိကျကျမသိရသေးပါဘူး။
ဖလစ်က "ဂျိုအန်ဂါစီယာက အနားယူသွားမှာပါ။ ဒါပေမယ့် ဘယ်ကစားသမားတွေ အသင်းအတွက်ကစားမယ်ဆိုတာ ဆုံးဖြတ်ဖို့က ဒီနေ့မဟုတ်သေးပါဘူး။ ကျွန်တော် မနက်ဖြန်အထိစောင့်ကြည့်သွားပါမယ်။ ကျွန်တော်တို့အသင်းမှာ အရမ်းကောင်းတဲ့ဂိုးသမား ၃ ယောက်ရှိပါတယ်။ ဒီအတွက် ကျွန်တော်စိတ်ကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရင်ပြောခဲ့သလိုပဲ ဂျိုအန်က နံပါတ် ၁ ဂိုးသမားပါ"
"ဆက်ဇနီကလည်း ပြီးခဲ့တဲ့ရာသီက အံ့မခန်းလက်စွမ်းပြခဲ့ပြီး သူနဲ့အတူ ဆုဖလား ၃ လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီ ဂျိုအန်ဒဏ်ရာရနေချိန်မှာလည်း သူက ကျွန်တော်တို့ရဲ့ဂိုးပေါက်ကို တည်ငြိမ်စေခဲ့ပါတယ်။ ဆက်ဇနီက ကွင်းထဲမှာသာမက အဝတ်လဲခန်းထဲမှာလည်း အရမ်းအရေးပါတဲ့ကစားသမားတစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။