The network connection is lost.

Banner Image

ဒီရာသီ ယူနိုက်တက်ရဲ့ရလဒ်တွေက ရိုလာကိုစတာစီးသလိုဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ပုံစံကောင်းရရှိဖို့တည်ဆောက်သွားရမှာဖြစ်လို့ ရလဒ်တွေဟာ ရာသီကုန်တဲ့အထိ တည်ငြိမ်မှုရှိမှာမဟုတ်ဘဲ ရိုလာကိုစတာစီးသလိုဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာလည်း နိုင်ပွဲတွေ ပျောက်ဆုံးထားတာဖြစ်ပါတယ်။ အာမိုရင်ရဲ့အသင်းဟာ လိဂ် ၄ ပွဲဆက်တိုက်နိုင်ပွဲမရခဲ့ပေမယ့် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အမှတ်ပေးဇယားအောက်ဆုံးကဆောက်သမ်တန်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရရှိထားပါတယ်။

ယခုအခါ ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "ကျွန်တော်တို့ ရာသီကုန်တဲ့အထိ အခက်အခဲတွေကြုံတွေ့သွားရမယ်လို့ထင်ပါတယ်။ ရလဒ်တွေကလည်း ရိုလာကိုစတာစီးသလို တက်လိုက်ကျလိုက် ဖြစ်နေမှာပါ။ ပွဲတစ်ပွဲရှုံးနိမ့်ပြီးနောက်မှာ နောက်ထပ်ပွဲစဉ်အတွက်ပြင်ဆင်ရတာပိုခက်ပါတယ်။ ပွဲတစ်ပွဲအနိုင်ရပြီးနောက်မှာတော့ နောက်ပွဲအတွက် ပြင်ဆင်ရတာ အတော်လွယ်ပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကလည်း အဲဒီအချိန်မှာ တက်ကြွနေပါတယ်။ အခုချိန်မှာလည်း အဲဒီလိုပါပဲ နောက်ပွဲအတွက် သေချာအာရုံစိုက်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ပရီးမီးယားနောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိဂိုးပေါက်ပျောက်ခဲ့တဲ့ ယူနိုက်တက်ဟာ ယခုအခါမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ ပြိုင်ဘက်ဂိုးဧရိယာနားမှာ အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ခက်ခဲနေတယ်ဆိုတာ မြင်သာပါတယ်။ ဒါက ပြောင်းလဲပစ်နိုင်ဖို့လိုအပ်တဲ့ အခက်အခဲတစ်ခုပါ။ ဒါကိုပြောင်းလဲပစ်နိုင်ဖို့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ကြိုးစားသွားရပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။