The network connection is lost.

Banner Image

ပူပြင်းလှတဲ့ရာသီဥတုကြောင့် လေ့ကျင့်ခန်းဆင်းဖို့တောင် ရုန်းကန်နေရတယ်လို့ ဖွင့်ဟလာတဲ့ အန်ဇိုမာရက်စ်ကာ

အမေရိကန်နိုင်ငံရဲ့နေ့အပူချိန်မြင့်တက်မှုကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ချဲလ်ဆီးအသင်းရဲ့ ပုံမှန်လေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ နည်းပြအန်ဇိုမာရက်စ်ကာက ပြောပါတယ်။ ပြိုင်ပွဲဝင်လာချိန်မှာပဲ အမေရိကန်နွေရာသီအပူဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချဲလ်ဆီးက ဖလာမင်ဂိုကို ၃-၁ ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာ လတ်တလောအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။

သူတို့တွေက တနင်္လာနေ့မနက်ခင်းလေ့ကျင့်ရေးအစီအစဉ်ကိုလည်း အပူချိန် ၃၄ ဒီဂရီအထိရှိနေချိန်မှာ ပြုလုပ်ခဲ့ရပြီး ပင်ပန်းနွမ်းလျမှုနည်းပါးစေရေးအတွက် လေ့ကျင့်ချိန်ကို လျှော့ချပစ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်ခင်းပိုင်းမှာတော့ ချဲလ်ဆီးက တူနီးရှားကလပ်တူးနစ်နဲ့ အုပ်စုအပိတ်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဒီပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပြိုင်ပွဲမှ အပြီးတိုင်ထွက်ခွာသွားရပါလိမ့်မယ်။ အန်ဇိုမာရက်စ်ကာက “ ရာသီဥတုအခြေအနေကြောင့် လေ့ကျင့်ခန်းဆင်းဖို့တောင် မဖြစ်နိုင်တဲ့အခြေအနေမျိုးပါပဲ။ ဒါကြောင့် ပွဲစဉ်အတွက် ခွန်အားချွေတာဖို့ ကြိုးစားနေရုံပဲ ကျန်ပါတော့တယ်။

ဒီနေ့မနက်ပိုင်းလေ့ကျင့်ရေးအစီအစဉ်ဆိုရင်လည်း ခဏလေးနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပုံစံမျိုးနဲ့တော့ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်နေပါတယ်။ ဒါက အရှိတရားပါ။ ဒီလိုအပူချိန်မျိုးအောက်မှာ အလုပ်,လုပ်သွားဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ မနက်ဖြန်ပွဲစဉ်ကို အနိုင်ရရှိအောင် ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။ ချဲလ်ဆီးရဲ့အုပ်စုအပိတ်ပွဲစဉ်ကို ဖလာမင်ဂိုနဲ့ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ်ထိခဲ့တဲ့ တိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆန် လွဲချော်သွားပါလိမ့်မယ်။