The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ထိတက်ရောက်နိုင်ခဲ့လို့ ဂုဏ်ယူသင့်ကြောင်းပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက် ၁၆ သင်းအဆင့်အထိတက်ရောက်နိုင်ခဲ့တာကြောင့် ကစားသမားတွေအနေနဲ့ ဂုဏ်ယူသင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ES တူးနစ်ကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ချဲလ်ဆီးဟာ ယခုအခါမှာတော့ ရှုံးထွက် ၁၆ သင်းအဆင့်သို့တက်ရောက်သွားခဲ့ပြီဖြစ်ပြီး တစ်ဖက်အုပ်စုက ဘင်ဖီကာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ES တူးနစ်နဲ့ပွဲစဉ်မှာတော့ ချဲလ်ဆီးအတွက်အနိုင်ဂိုးတွေကို တိုဆင်၊ ဒီလပ်နဲ့ ဂျော့ဂျ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ မာရက်စ်ကာက "ပြိုင်ပွဲမှာ ၃၂ သင်းအထိယှဉ်ပြိုင်ခဲ့ပြီး ကျွန်တော်တို့အခု ၁၆ သင်းထဲပါလာလို့ ဂုဏ်ယူရပါမယ်။ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ရတဲ့ အက်သလက်တီကိုမက်ဒရစ်လိုအသင်းတောင် အခုဆိုအိမ်ပြန်သွားရပါပြီ"

"ဒါကြောင့် ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂုဏ်ယူနိုင်ရပါမယ်။ အခုက ၁၆ သင်းအဆင့်ဆိုတော့ ကျွန်တော်တို့ ကွာတားဖိုင်နယ်တက်နိုင်ဖို့ အာရုံစိုက်ရပါတော့မယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုနွေရာသီအတွင်း ချဲလ်ဆီးမှခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးသစ် ဒီလပ်ဟာ ယခုပွဲစဉ်မှာ အတော်လေးခြေစွမ်းပြခဲ့ပြီး အရေးပါတဲ့သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပေါင်သန်း ၃၀ တန်ကစားသမားနဲ့ပတ်သက်ပြီး မာရက်စ်ကာက "ဒီလပ်အနေနဲ့ ဒီလောက်အထိ လျင်လျင်မြန်မြန်တိုးတက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသားပါ။ ကျွန်တော်တို့ သူ့အကြောင်းကိုကြိုသိထားသလို၊ သူကလည်းကျွန်တော်တို့ဘယ်လိုကစားစေချင်လဲ ကောင်းကောင်းသိနေပါတယ်"

"ဒါပေမယ့် အက်ဆူဂို၊ မာမာဒူဆားနဲ့ ဆန်းတို့စ်တို့ကတော့ ကျွန်တော်တို့ကစားစေချင်တဲ့ပုံစံကို တိတိကျကျမသိကြသေးပါဘူး။ ဒီလပ်ကတော့ ကျွန်တော်တို့လိုချင်တဲ့အတိုင်းလုပ်ပြနိုင်တဲ့ အရမ်းကောင်းတဲ့ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။ 

၁၆ သင်းအဆင့်မှာ ကစားသမားအပြောင်းအလဲပြုလုပ်သွားဖို့မရှိကြောင်းနဲ့ ဒဏ်ရာရကစားသမား ဝက်စ်လေဖိုဖာနာကလည်း ကစားဖို့အဆင့်သင့်မဖြစ်သေးကြောင်းကို အီတလီသားနည်းပြက "ဝက်စ်လေက ကျွန်တော်တို့နဲ့အတူရှိနေပြီး ကြံ့ခိုင်မှုပြန်တည်ဆောက်နေပါတယ်။ ဒါပေမယ့် ပါဝင်ကစားဖို့အတွက်တော့ သူ့မှာအခွင့်အရေးမရှိသေးပါဘူး။ ဒါကြောင့် လောလောဆယ်မှာတော့ ကျွန်တော်တို့လူစာရင်းအပြောင်းအလဲတွေပြုလုပ်သွားဖို့မရှိသေးပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။