
တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ရိုဒရီ ပါဝင်ကစားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက ဒီညအစောပိုင်း၊ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ရိုဒရီပါဝင်ကစားမယ်လို့ အတည်ပြုခဲ့ပြီး လက်ရှိဘော်လွန်းဒီအော်ဆုရှင်ကို ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်နေဆဲပဲလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ စပိန်သားက ဝုဗ်နဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘောလုံးရာသီအတွက် ပထမဆုံးပွဲကစားချိန်တွေ ရရှိဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိပြီးနောက် ရိုဒရီက ကြံ့ခိုင်မှုပိုင်းအားနည်းနေလို့ ဝုဗ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမားက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်သုံးခုသာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် နောက်ထပ်အသေးစားဆုတ်ယုတ်မှုတစ်ခုမတိုင်ခင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အသင်းအတွက် ပွဲချိန်အနည်းငယ် ပါဝင်ကစားခဲ့ပါတယ်။ အခုတော့ ပက်ဂွါဒီယိုလာကိုယ်တိုင်က အီတီဟတ်မှာ တော့တင်ဟမ်ကို ဧည့်ခံရမယ့်ပွဲစဉ်အတွက် ရိုဒရီ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုလာပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ပြီးခဲ့တဲ့ပွဲစဉ်မှာ ရိုဒရီရော၊ ဖိုဒန်ပါ မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လေကျင့်ချိန်နည်းပါးတာနဲ့ အသင်းလိုက်ဟန်ချက်မညီသေးလို့ဆိုတဲ့ အကြောင်းပြချက်သက်သက်တော့ ရှိပါတယ်။ သူတို့တွေ ပါလာမိုခရီးစဉ်မှာလည်း မပါဝင်ခဲ့ပါဘူး။ အခြားကစားသမားတွေနဲ့ပဲ ရာသီကြိုကာလကို ဖြတ်သန်းခဲ့ပါတယ်။ ဝုဗ်နဲ့ပွဲစဉ်အတွက်လည်း သူတို့နှစ်ဦးလုံး အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ အဆင်သင့်ဖြစ်နေပါပြီ။
ကျွန်တော်ကတော့ တည်ငြိမ်မှုအပြည့်ရှိတဲ့ ရိုဒရီကိုပဲ လိုချင်ပါတယ်။ ဒါပါပဲ။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အရည်အသွေးအပေါ် ကျွန်တော် သံသယမရှိပါဘူး။ လာမယ့်လတွေအတွင်း နောက်ထပ်အသစ်တစ်ဦး မရွေးချယ်ခင်အချိန်အထိ ရိုဒရီက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရှိနေဆဲပါပဲ။ ဒါကို လုံးဝသံသယမရှိပါဘူး။ လေ့ကျင့်ရေးကွင်းမှာ၊ ပွဲစဉ်တွေမှာ အပတ်စဉ်တိုင်း လေ့ကျင့်ကစားရင်း တည်ငြိမ်မှုရှိလာပြီးနောက် အရာရာတိုင်း အဆင်ပြေသွားပါလိမ့်မယ်”လို့ ပြောပါတယ်။
မန်စီးတီးက အခုဘောလုံးရာသီအတွက် အီတီဟတ်ကွင်းပထမဆုံးပွဲစဉ်အဖြစ် တော့တင်ဟမ်ကို ဧည့်ခံကစားရပါမယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း စိတ်ပျက်ဖွယ်ဘောလုံးရာသီအပြီး ရိုဒရီအတွက် ပွဲကစားချိန်မိနစ်တွေပေးနိုင်ဖို့ ဂရုတစိုက်ကိုင်တွယ်သွားပါလိမ့်မယ်။ ဒါပေမဲ့ အခုလိုကွင်းလယ်ကစားသမားပြန်လာနိုင်မှုက အချိန်ကိုက်အင်အားမြှင့်တင်မှုတစ်ခု ဖြစ်လာပါတယ်။