ဘော်လွန်းဒီအော်ဆုအတွက် အမ်ဘာပေရဲ့အလားအလာ ဘယ်လောက်ရှိသလဲဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ်လာ
ရီးရဲလ်မက်ဒရစ် သို့မဟုတ် ပြင်သစ်အသင်းနဲ့အတူ ဘောလုံးရာသီတစ်ခုလုံး အသင်းလိုက်ဆုဖလား မရရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်မှုကြောင့် အမ်ဘာပေက ၇၀ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆုကို ရရှိနိုင်သူစာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
L'Équipe သတင်းဌာနရဲ့ဖော်ပြချက်အရ အခုလိုအခြေအနေမျိုးဆိုတာ ရှားပါးပေမဲ့ အတိတ်မှာလည်း ရှိခဲ့ဖူးပြီး လက်ရှိအွန်လိုင်းပရိသတ်တွေရဲ့ဆန္ဒမဲပေးမှုမှာ ပြင်သစ်ကပ္ပတိန်အမ်ဘာပေက ဦးဆောင်နေတယ်လို့ သိရပါတယ်။
ဒီဆုကို ပထမဆုံးစတင်ရရှိခဲ့တဲ့ စတန်လေမက်သယူးစ်က ၁၉၅၆ ခုနှစ်မှာ ကလပ်အသင်းနဲ့အတူ ဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာခဲ့ပါတယ်။ ဒင်းနစ်လော(၁၉၆၄ ခုနှစ်)၊ ကီဗင်ကီးဂန်း (၁၉၇၈ ခုနှစ်) တို့လည်း အလားတူအခြေအနေမျိုးနဲ့ ဘော်လွန်းဒီအော်ဆု ရရှိခဲ့ပါတယ်။
ပေါ်တူဂီကစားသမားတွေမှာလည်း မကြာသေးခင်က အလားတူသာဓကတွေ ရှိခဲ့ပါတယ်။ လူးဝစ်ဖီဂိုက ၂၀၀၀ ပြည့်နှစ်မှာ ဖလားလက်မဲ့ဘ၀နဲ့ ဘော်လွန်းဒီအော်ဆုရှင် ဖြစ်ခဲ့သလို နောက်ထပ် ၁၃ နှစ်အကြာ စီရော်နယ်ဒိုက သူ့ရဲ့ဒုတိယမြောက်ဘော်လွန်းဒီအော်ဆုကို အသင်းလိုက်ဆုဖလားအောင်မြင်မှုမရှိဘဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အားလုံးအနက် အထူးခြားဆုံးဖြစ်ရပ်ကတော့ ဂတ်မူလာရဲ့ ၁၉၇၀ ပြည့်နှစ်အောင်မြင်မှုပဲ ဖြစ်ပါတယ်။ သူက ဘောလုံးရာသီတလျှောက်လုံး ဆုဖလားလက်မဲ့ ဖြစ်ခဲ့ပေမဲ့ ဥရောပရဲ့သွင်းဂိုးအများဆုံးကစားသမား ဖြစ်ခဲ့သလို ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပေမဲ့ ၁၀ ဂိုးအထိသွင်းယူကာ ရွှေဖိနပ်ဆုရှင်ဖြစ်လာလို့ ဘော်လွန်းဒီအော်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အမ်ဘာပေအတွက် အဆုံးအဖြတ်ရလဒ်ကိုတော့ လာမယ့် အောက်တိုဘာ ၂၆ ရက်မှာ သိရှိရပါလိမ့်မယ်။