မန်စီးတီးနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ကို လက်မှတ်ရေးထိုးချုပ်ဆိုလိုက်တဲ့ ခူဆာနော့ဗ်
မန်စီးတီးအသင်းနောက်ခံလူခူဆာနော့ဗ်က အခုသီတင်းပတ်၊ စနေနေ့မှာပဲ အသင်းနဲ့အတူ ငါးနှစ်သက်တမ်းတိုးစာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
ခူဆာနော့ဗ်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ မန်စီးတီးကို အက်ဖ်အေဖလားနဲ့ လိဂ်ဖလား ရရှိအောင် ကူညီပေးခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာရပ်တည်နိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ဗဟိုနောက်ခံလူက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြင်သစ်လီဂူးဝမ်းကလပ် လန်းစ်အသင်းမှ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။
သူက ဥဇဘက်ကစ္စတန်လက်ရွေးစင်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုပွဲစဉ် သုံးခုအပါအဝင် ပွဲ ၃၀ အထိ ပါဝင်ကစားပေးထားပါတယ်။
ခူဆာနော့ဗ်က "ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် တကယ့်ကို ထူးခြားတဲ့နေ့ကောင်းနေ့မြတ်ပါပဲ။ မန်စီးတီးမှာ ဆက်နေခွင့်ရလို့ တကယ်ကို ဝမ်းသာမိပါတယ်" လို့ ပြောပါတယ်။
"မန်ချက်စတာမြို့ဆီရောက်ရှိလာပြီးနောက် အချိန်တိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပြီး ကစားသမားတစ်ဦးအဖြစ်နဲ့လည်း သင်ယူလေ့လာရင်း တိုးတက်လာတယ်လို့ ခံစားရပါတယ်။ အခုတော့ ကျွန်တော့်မှာ စိန်ခေါ်မှုအသစ်တွေ ရှိလာပါပြီ။ အဲ့ဒါကတော့ နည်းပြသစ်မာရက်စ်ကာနဲ့ သူ့အဖွဲ့သားတွေ သဘောကျအောင် ကြိုးစားပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ပါပဲ။ ဒီလိုမျိုးဖြစ်လာအောင် လုပ်သွားဖို့လည်း အားခဲထားပါတယ်" လို့ သူက ဆိုပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဖိုဒန်ရဲ့ လေးနှစ်သက်တမ်းစာချုပ်သစ်ချုပ်ဆိုမှုအပြီး ခူဆာနော့ဗ်က အခုသီတင်းပတ်မှာပဲ အသင်းနဲ့အတူ ရေရှည်ဆက်ရှိနေဖို့ စာချုပ်ချုပ်ဆိုတဲ့ ဒုတိယမြောက်မန်စီးတီးကြယ်ပွင့် ဖြစ်လာပါတယ်။
မန်စီးတီးအသင်းဘောလုံးဆိုင်ရာဒါရိုက်တာဟူဂိုဗီယာနာကလည်း "အင်္ဂလန်ကို ရောက်လာကတည်းက ခူဆာနော့ဗ်ရဲ့တိုးတက်မှုတွေအပေါ် ကျွန်တော်တို့ တကယ်ကို ကျေနပ်မိပါတယ်။ သူက ထူးချွန်တဲ့လူငယ်တစ်ဦး၊ ထူးချွန်တဲ့နောက်ခံလူတစ်ဦးအဖြစ် ကြီးပြင်းလာတာကို မြင်တွေ့နေရပေမဲ့ ဒါ အစပဲ ရှိပါသေးတယ်။ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းတွေက ထိပ်တန်းအဆင့်မှာ ရှိနေပြီး ကမ္ဘာ့အဆင့်ဗဟိုခံစစ်မှူးတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့အရည်အချင်းတွေ သူ့ဆီမှာ အကုန်ရှိပါတယ်" လို့ ဆိုပါတယ်။
"အသက် ၂၂ နှစ်ပဲ ရှိသေးလို့ သူ့ရဲ့အကောင်းဆုံးအချိန်တွေ ရှေ့မှာ အများကြီးကျန်ပါသေးတယ်။ အခုထက်ပိုပြီး ခူဆာနော့ဗ်ရဲ့စွမ်းဆောင်ရည် ပိုကောင်းလာဦးမယ်ဆိုတာလည်း အားလုံးသိကြပါတယ်" လို့ ဗီယာနာက ချီးကျူးစကားပြောကြားခဲ့ပါတယ်။