အသင်းမှထွက်ခွာမယ့်ကစားသမားတွေကို မကျေမနပ်ဖြစ်နေတဲ့ ဒီဇာဘီ
တော့တင်ဟမ်နည်းပြဒီဇာဘီက အခုနွေရာသီစျေးကွက်မှာ အသင်းရဲ့အဓိကကြယ်ပွင့်ကစားသမားအချို့ကို ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။
ဒီအီတာလျံလူမျိုးနည်းပြက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ တော့တင်ဟမ်အသင်းကို တန်းမဆင်းရအောင် ကူညီပေးခဲ့ပြီးနောက် ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ငွေကြေးအမြောက်အများသုံးစွဲကာ အသင်းကို ပြန်လည်တည်ဆောက်နေပါတယ်။
ဒီဇာဘီက ဗန်ဟတ်ကီ၊ တိုနာလီနဲ့ မာသီးယက်စ်ဖာနန်ဒက်စ်တို့ကို ခေါ်ယူဖို့ ပေါင် ၂၃၇ သန်းဝန်းကျင် အသုံးပြုခဲ့သလို ရောဘတ်ဆန်၊ စီနီဆီတို့လိုကစားသမားတွေကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပါတယ်။
သူက ကစားသမားပြန်လည်ရောင်းချမှုမှလည်း ပေါင်သန်း ၇၀ ကျော် ရရှိထားပါတယ်။ ဒါပေမဲ့ ဘာ့ဂျ်ဗော၊ ဗီကာရီယိုတို့လို ကစားသမားတွေလည်း ထပ်မံထွက်ခွာဖို့ရှိနေလို့ ဒီဇာဘီက သူ့ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။
"ကျွန်တော် တော့တင်ဟမ်ကို စရောက်ကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ တော့တင်ဟမ်မှာ မနေချင်တဲ့သူ ဘယ်သူရှိလဲ? ဒီမှာရှိနေရတာကို မပျော်တဲ့သူ၊ ဂုဏ်မယူတဲ့သူတွေ အသင်းမှ ထွက်သွားရပါမယ်" လို့ သူက ဆိုပါတယ်။
"ကျွန်တော်ကတော့ ဒီမှာရှိနေရတာကို ဂုဏ်ယူပြီး ပျော်ရွှင်တဲ့ ကစားသမားတွေကိုပဲ လိုချင်ပါတယ်။။ တော့တင်ဟမ်ဟော့စပါးကွင်းထဲကို စိတ်အားထက်သန်မှုအပြည့်နဲ့ ဝင်ကစားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုခေတ် ဘောလုံးလောကမှာ၊ ကမ္ဘာ့ဖလားကိုပဲ ကြည့်ကြည့်၊ စိတ်အားထက်သန်မှုကပဲ အဓိကကွာခြားချက်ကို ဖန်တီးပေးနိုင်ပါတယ်။အသင်းတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်ရှိနေဖို့ဆိုတာ အဓိကတွန်းအားပါပဲ" လို့ သူက ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်အသင်းက ရာသီကြိုပထမဆုံးခြေစမ်းပွဲစဉ်မှာ MK Dons ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် နယူးဇီလန်နဲ့ သြစတြေးလျဆီ သီတင်းတစ်ပတ်ကြာခရီးစဉ်အတွက် ထွက်ခွာသွားပါတယ်။