ယူနိုက်တက်ကို တာဝန်ယူခဲ့စဉ်က ရည်မှန်းချက်ကင်းမဲ့နေတဲ့ လူငယ်ကစားသမားတွေကို မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဆိုးလ်ရှား
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားက အသင်းကိုကိုင်တွယ်နေခဲ့စဉ်မှာ ရည်မှန်းချက်ကင်းမဲ့နေတဲ့ လူငယ်ကစားသမားတွေကိုမြင်တွေ့ခဲ့ကြောင်းထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူဟောင်းဟာ ၂၀၂၁ ခုနှစ် နိုဝင်လဘာလမှာ အသင်းကနေထုတ်ပယ်ခံခဲ့ရပေမယ့် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၃ နှစ်တာကာလမှာ အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားတွေနဲ့ ပြဿနာများစွာကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ကစားသမားတော်တော်များများဟာ သတင်းဆိုးတွေဆိုရင် သူ့ဆီကို တိုက်ရိုက်ပေးပို့ဖို့ငြင်းဆိုခဲ့ကြောင်းနဲ့ မီဒီယာတွေနဲ့ ကစားပြောရမှာကို ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။
ဆိုးလ်ရှားက “အသင်းရဲ့လူငယ်ကစားသမားတွေက ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် သူတို့ကိုယ်တိုင်လာပြောလေ့မရှိပါဘူး။ အခြားလူကနေတစ်ဆင့် ဒါကို အသိပေးကြပါတယ်။ ဒါက သနားစရာကောင်းပြီး ရည်မှန်းချက်ကင်းမဲ့နေတယ်ဆိုတာကို ပြသတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နော်ဝေသားက အသင်းရဲ့ကစားသမားအများစုဟာ ပွဲကြိုအင်တာဗျူးတွေပြုလုပ်ဖို့ ဝန်လေးနေကြတယ်လို့ ဆိုပါတယ်။ ဆိုးလ်ရှားက “ကစားသမားတော်တော်များများက ပွဲကြိုအင်တာဗျူးတွေပြုလုပ်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ မေးခွန်း ၃ ခုလောက်ကိုတောင် မဖြေချင်ကြတာပါ။ ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်၊ ဒေးဗစ်ဒီဂီယာ၊ ဟယ်ရီမက်ဂွါရီ၊ ဗစ်တာလင်ဒီလော့ဖ်နဲ့ လုခ်ရှောတို့ကတော့ ဖြေဖို့အသင့်ရှိခဲ့ကြပါတယ်။ အခြားကစားသမားတွေကတော့ မေးခွန်းတွေကို ကြောက်ရွံ့နေကြပုံပါပဲ။ ဒီလို လုပ်ရပ်တွေကို ကျွန်တော့်အနေနဲ့ သဘောမကျပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ဂရုစိုက်ပေးရပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်မန်နေဂျာအဖြစ် ၁၆၈ ပွဲတာဝန်ယူကိုင်တွယ်ခဲ့ပြီး ၉၂ ပွဲအထိအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ဆိုးလ်ရှားဟာ ပထဆုံးရာသီမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်စေနိုင်ခဲ့ပေမယ့် နောက်ဆုံးရာသီမှာတော့ ဒုတိယနေရာမှာ ရပ်တည်နေရာစဉ်မှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိ နယ်သာလန်လူမျိုး မန်နေဂျာ အဲရစ်တန်ဟက်လက်ထက်မှာတော့ ယူနိုက်တက်ဟာ မှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာရပ်တည်နေပြီး ပုံစံကောင်းရဖို့ ခက်ခက်ခဲခဲရုန်းကန်နေရကာ ရာသီကုန်မှာ အဆင့် ၄ နေရာရဖို့တောင် မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၄ နေရာကအသင်းနဲ့ ရမှတ် ၁၁ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။