The network connection is lost.

Banner Image

အက်စတွန်ဗီလာသို့ ပြောင်းရွှေ့သွားတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း လင်ဒီလော့ဖ်

မန်ချက်စတာယူနိုက်တက်နောက်ခံကြယ်ပွင့်ဟောင်း ဗစ်တာလင်ဒီလော့ဖ်ဟာ နွေရာသီအတွင်း အသက်လက်မဲ့နဲ့ဖြတ်သန်းပြီးနောက် ယခုအခါမှာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားပြီလို့သိရပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဗဟိုနောက်ခံလူဟာ မကြာမီမှာပဲ ဆေးစစ်မှုခံယူပြီး ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာဖြစ်ကာ သဘောတူစာချုပ်ထဲမှာ ထပ်ဆောင်းအပိုတစ်နှစ် သက်တမ်းတိုးခွင့်ရှိနေတယ်လို့သိရပါတယ်။ ဆွီဒင်သားကို အဲဗာတန်နဲ့ ဖီအိုရင်တီးနားတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် အက်စတွန်ဗီလာက လက်ဦးမှုရယူပြီးခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

လင်ဒီလော့ဖ်မှာ အိုးလ်ထရက်ဖို့ဒ်မှာ ၈ နှစ်ကြာနေထိုင်ခဲ့သူဖြစ်ပြီး ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ ၂၈၄ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်သို့စတင်ရောက်ရှိချိန်က ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပေမယ့် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့မှာ ယူနိုက်တက်နဲ့လမ်းခွဲခဲ့ရပြီး ယခုအခါမှာတော့ ဗီလာပါ့ခ်မှာ ကစားသမားဘဝ ရှေ့ဆက်သွားမှာဖြစ်ပါတယ်။

လင်ဒီလော့ဖ်ဟာ ကစားသမားဘဝကို ဆွီဒင်နိုင်ငံရဲ့ မထင်မရှားကလပ်လေးတစ်ခုဖြစ်တဲ့ ဗက်စ်တာရက်စ်ကနေစတင်ခဲ့ပြီး အသက်-၁၅ နှစ်အရွယ်မှာပဲ အသင်းအတွက်စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ နောက်ခံလူဟာ အသက်-၁၆ နှစ်မှာတော့ အင်္ဂလန်သို့ရောက်ရှိလာခဲ့ပြီး စတုတ်စီးတီးအကယ်ဒီမီမှာ နေထိုင်ခဲ့ကာ နောက်ပိုင်းမှာ ဘင်ဖီကာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကလပ်ပွဲစဉ်တွေရပ်နားပြီး နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် လင်ဒီလော့ဖ်အနေနဲ့ နွေရာသီအတွင်း ရာသီကြိုပွဲစဉ်တွေမကစားခဲ့ရတာကြောင့် ဆွီဒင်လက်ရွေးစင်အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံထားရခြင်းမရှိဘူးလို့သိရပါတယ်။