
ဒေါ်ဂူက ပရီးမီးယားလိဂ်မှာကစားဖို့ အဆင်သင့်ဖြစ်နေကြောင်း ကာကွယ်ပြောဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယမန်နေ့ညက အစ်ဆွစ်ချ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မလုပ်သင့်တဲ့အမှားတစ်ခုကို ပြုလုပ်ခဲ့သလို၊ အနီကတ်လည်း ပြသခံခဲ့ရတဲ့ အသင်းရဲ့လူငယ်နောက်ခံကစားသမားသစ်လေး ပက်ထရစ်ဒေါ်ဂူဟာ ပရီးမီးယားလိဂ်မှာကစားဖို့ အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကာကွယ်ပြောဆိုလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အီတလီစီးရီးအေကလပ် လက်ချီမှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ပြောင်းရွှေ့လာခဲ့တဲ့ ဒေါ်ဂူဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၃ ပွဲသာပါဝင်ကစားခွင့်ရထားပေမယ့် ယခုအစ်ဆွစ်ချ်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ယူနိုက်တက်ကစားသမားဘဝအစကို ခက်ခက်ခဲခဲကြုံတွေ့နေရပြီဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်ဂူဟာ အနီကတ်မပြသခံရခင်မှာလည်း ဂိုးသမား အန်ဒရေအိုနာနာနဲ့ နားလည်မှုလွဲပြီး အမှားပြုလုပ်ခဲ့ကာ ပြိုင်ဘက်ကစားသမား ဂျေဒန်ဖီလိုဂျင်းအတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးသလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကစားသမားအနေနဲ့ လက်ရှိအချိန်မှာတော့ အမှား ၂ ခုကို တစ်ပြိုင်နက်တည်းကျူးလွန်ခဲ့လို့ အတော်လေး ဖိအားများနေမှာဖြစ်ပါတယ်။
သို့သော်လည်း ယူနိုက်တက်ဟာ အစ်ဆွစ်ချ်နောက်ခံလူ ဆမ်မော်ဆီရဲ့ ချေပဂိုး၊ အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်ချ်နဲ့ ဟယ်ရီမက်ဂွါရီတို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲရရှိခဲ့လို့ ဒေါ်ဂူအနေနဲ့ အတော်လေးစိတ်သက်သာရာရဖို့ရှိပါတယ်။နောက်ခံလူဟာ ပွဲကစားချိန် ၄၃ မိနစ်မှာပဲ အစ်ဆွစ်ချ်ကစားသမား အိုမာရီဟတ်ချင်ဆန်ကို ကစားပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ နည်းပြ အာမိုရင်က "ဒီနေ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျွန်တော်စိတ်မပျက်ပါဘူး။ ပွဲရဲ့အခြေအနေအရ မဖြစ်သင့်တဲ့အမှားတစ်ခုကနေ ဂိုးတစ်ဂိုးခွင့်ပြုခဲ့ရပေမယ့် အမှားဆိုတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပွဲအစမှာကတည်းက ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်မယ်ဆိုတာ ခံစားမိခဲ့ပါတယ်"
"ကစားသမားတစ်ယောက်အထုတ်ခံလိုက်ရတာက ပွဲရဲ့အခြေအနေကို အနည်းငယ်ပြောင်းလဲစေခဲ့ပေမယ့် ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ နိုင်ပွဲရရှိခဲ့လို့ အနိုင် ၃ မှတ်နဲ့ထိုက်တန်ခဲ့ပါတယ်။ ခက်ခဲတဲ့အခိုက်အတန့်တွေအများကြီးရှိခဲ့ပေမယ့် ဒါက ပရော်ဖက်ရှင်နယ်လောကမှာတော့ ပုံမှန်ပါပဲ။ ဒုတိယပိုင်းမှာကစားခဲ့တဲ့ ကစားပုံမျိုးကို ထိန်းသိမ်းထားနိုင်ဖို့ အရမ်းခက်ပါလိမ့်မယ်။ ကစားသမားတွေ အရမ်းကောင်းခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ကစားသွားရမှာဖြစ်ပြီး အာမိုရင် အဆိုပါပွဲစဉ်နဲ့ပတ်သက်ပြီးတော့လည်း အသင်းကို အားပေးစကားပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ခက်ခဲတဲ့အခိုက်အတန့်တွေမှာ ခံစားရတာတွေရှိသလို၊ ကောင်းမွန်တဲ့အခိုက်အတန့်တွေ့မှာလည်း ပျော်ရွှင်နိုင်ဖို့လိုပါတယ်။ အခုတော့ အခက်အခဲကိုကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်လို့ လာမယ့်ပွဲစဉ်အတွက် စဉ်းစားရပါတော့မယ်။ ကျွန်တော်တို့က အတိတ်မှာပဲနေလို့မရသလို၊ အနာဂတ်မှာလည်း နေလို့မရပါဘူး။ လက်ရှိအချိန်ကို အာရုံစိုက်ထားဖို့လိုပါတယ်။ ဒီပွဲကိုနိုင်ပြီးပြီဆိုတော့ နောက်ပွဲအတွက် ပြင်ဆင်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတဲ့ ဒေါ်ဂူဟာ လာမယ့်ဖူလ်ဟမ်နဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်သလို၊ အာဆင်နယ်၊ လက်စတာတို့နဲ့ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကကိုလည်း ဆက်လက်လွဲချော်သွားမှာဖြစ်ပါတယ်။ ဒေါ်ဂူအနေနဲ့ အခုလိုဘောလုံးအဆင့်အတန်းမှာ ကစားဖို့ အဆင်သင့်မဖြစ်လောက်သေးဘူးလားလို့ မေးမြန်းခဲ့ရာ အာမိုရင်က "သူအဆင်သင့်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ပွဲတွေမှာ သက်သေပြထားပြီးသားပါ။ ဘယ်ကစားသမားမဆို ဒီနေ့သူလုပ်ခဲ့တဲ့ အမှားမျိုးပြုလုပ်နိုင်ပါတယ်။ သူက ဘောလုံးကို ချစ်မြတ်နိုးတဲ့ကစားသမားတစ်ယောက်ပါ"
"သူအနီကတ်ပြသခံခဲ့ရတာက ဘောလုံးရလိုဇောနဲ့ စိတ်လောသွားတာကြောင့်ဖြစ်ပါလိမ့်မယ်။ သူ့မှာအတွေ့အကြုံမရှိပေမယ့် ပရီးမီးယားလိဂ်မှာကစားဖို့တော့ အဆင်သင့်ဖြစ်နေပါပြီ။ လူတွေကတော့ ဝေဖန်ကြမှာပါပဲ။ ပြီးခဲ့တဲ့အပတ်က အဲဗာတန်နဲ့ပွဲမှာ သူကစားတာ အရမ်းအဆင်ပြေပါတယ်။ အဲဒီတုန်းက သူ့အကြောင်းဘာမှမပြောကြပါဘူး။ ဒီနေ့အနီကတ်ပြခံလိုက်ရတော့ အတွေ့အကြုံနုတယ်လို့ ပြောကြပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီလို မခံစားရပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအာမိုရင် ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ကစားသမား ၁၀ ယောက်တည်းနဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံးကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းနိုင်ခဲ့ပုံကိုလည်း ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားက "ဒီပွဲမှာ အသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုနဲ့ ဘောလုံးကိုင်ကစားနိုင်ပုံတွေကို ကျွန်တော်ကျေနပ်ပါတယ်။ ဘောလုံးရတဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ်ပဲကစားခဲ့ကြပြီး အနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကစားသမားတွေကို ချီးကျူးပါတယ်။ ပွဲရဲ့အရှိန်ကိုထိန်းသိမ်းနိုင်ခဲ့ကြပြီး ဘောလုံးကိုလည်း ပိုင်ပိုင်နိုင်နိုင် ကိုင်ကစားနိုင်ခဲ့ကြပါတယ်။ ကစားသမားတွေ အရမ်းကောင်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။