The network connection is lost.

Banner Image

ဆိုစီဒက်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူးအပြောင်းအလဲရှိနိုင်ကြောင်း အရိမ်အမြွက်ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယမန်နေ့ညက အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ဘာကြောင့် နောက်တန်းကစားသမားတွေကို ပင်နယ်တီကန်ခွင့်ပြုခဲ့သလဲ ရှင်းပြလာခဲ့ပြီး လာမယ့်ဆိုစီဒက်နဲ့ပွဲမှာ တိုက်စစ်မှူးအပြောင်းအလဲပြုလုပ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။  

လက်ရှိအက်ဖ်အေဖလားချန်ပီယံယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အချိန်ပိုနဲ့ ပင်နယ်တီတွေအထိ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ခံလူဗစ်တာလင်ဒီလော့ဖ်နဲ့ တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီတို့ရဲ့ ပင်နယ်တီလွဲချော်မှုတွေကြောင့် ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ လင်ဒီလော့ဖ်နဲ့ ဇက်ခ်ဇီတို့ရဲ့ ပင်နယ်တီကန်သွင်းချက်တွေကိုဖူလ်ဟမ်ဂိုးသမား လီနိုက လက်စွမ်းပြပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ဂိုးသမား အိုနာနာကတော့ တစ်လုံးတလေမှ ကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

အာမိုရင်အနေနဲ့ ယခုပွဲစဉ်မှာ ပင်နယ်တီကန်သွင်းခွင့်ပြုနိုင်တဲ့ တိုက်စစ်ပိုင်းကစားသမားတွေရှိခဲ့ပေမယ့် နောက်ခံလူတွေဖြစ်တဲ့ ဒါလော့နဲ့ လင်ဒီလော့ဖ်တို့ကို ကန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ပေါ်တူဂီသားနည်းပြက "လင်ဒီလော့ဖ်က ဒီပင်နယ်တီကိုကန်သွင်းဖို့ ယုံကြည်ချက်မြင့်မားနေခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ပင်နယ်တီကိုကောင်းကောင်းလေ့ကျင့်ထားပါတယ်။ သူ့ကိုရွေးချယ်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ တိုက်စစ်မှူးရက်စ်မွတ်စ်ဟွိုက်လန်းဟာ ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒိန်းမတ်လက်ရွေးစင်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲဆက်တိုက်ပါဝင်ကစားခွင့်ရထားပေမယ့် ၁ ဂိုးတောင်သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ကစားသမားဟာ ယခုပွဲရဲ့ ပွဲကစားချိန် ၆၈ မိနစ်မှာပဲ လူငယ်တိုက်စစ်မှူးလေး ချီဒိုအိုဘီနဲ့ လူစားခဲခံခဲ့ရပါတယ်။ အိုဘီကတော့ လူစားဝင်ရောက်လာချိန်မှာ ဖူလ်ဟမ်နောက်တန်းကိုအတော်လေးဖိအားပေးနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေအများအပြားဖန်တီးနိုင်ခဲ့ပါတယ်။ 

လာမယ့်သောကြာနေ့မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာမိုရင်က အဆိုပါပွဲစဉ်မှာ ဟွိုက်လန်းအစား အိုဘီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "လာမယ့်ပွဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့မှာ လေ့ကျင့်ရေးအစီအစဉ်တွေလုပ်ဖို့ အချိန်သိပ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို ဆန့်ကျင်နိုင်တဲ့ အခြေအနေတွေကို မြင်နိုင်ဖို့လို့ပါတယ်။ လောလောဆယ်မှာ လာမယ့်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အဲဒီပွဲမှာ တိုက်စစ်မှူးအပြောင်းအလဲလုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ ရွေးချယ်သွားမှာပါ"  လို့ပြောကြားခဲ့ပါတယ်။