The network connection is lost.

Banner Image

စပိန်စူပါဖလားပြိုင်ပွဲကို အစ္စတန်ဘူလ်မြို့မှာ ပြောင်းရွှေ့ကျင်းပမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်အတည်ပြု

စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်(RFEF)က စပိန်စူပါဖလားပြိုင်ပွဲကို ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပိုင်း၊ အစ္စတန်ဘူလ်မြို့မှာ ပြောင်းရွှေ့ကျင်းပသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒီလိုပြောင်းရွှေ့ကျင်းပမယ့် သဘောတူညီချက်ကို အခုသီတင်းပတ်အတွင်း RFEF ဥက္ကဋ္ဌ ရာဖာအယ်လ်လူဇန်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဆိုစီဒက်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ပါဝင်လာမယ့် ဒီပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်အထိ ကျင်းပသွားပါမယ်။

လာလီဂါနဲ့ ကိုပါဒယ်လ်ရေးဖလားလက်ရှိချန်ပီယံတွေအပြင် ဒုတိယဆုရအသင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲကို စုစုပေါင်းပရိသတ် ၁၅၀,၀၀၀ ဝန်းကျင်ဝင်ဆံ့တဲ့ အားကစားကွင်း သုံးခုမှာ ကျင်းပသွားပါမယ်။
 
ဗိုလ်လုပွဲကိုတော့ ပရိသတ် ၅၂,၀၀၀ ဝန်းကျင် ဝင်ဆံ့ပြီး ဂါလာတာစာရေးရဲ့ အိမ်ကွင်းဖြစ်တဲ့ အလီဆာမီယန် (Ali Sami Yen) ကွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
 
ဖေဖော်ဝါရီ ၂ ရက်၊ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်မယ့် ပထမဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ဖီနာဘာချီရဲ့အိမ်ကွင်းဖြစ်တဲ့ ချိုဘာနီ (Chobani) ကွင်းမှာ ကျင်းပသွားပါလိမ့်မယ်။
 
ဖေဖော်ဝါရီ ၃ ရက်၊ ဆိုစီဒက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်မယ့် နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ဘက်ဆစ်တပ်စ်ရဲ့အိမ်ကွင်းဖြစ်တဲ့ တူပရက်စ် (Tupras) ကွင်းမှာ ကျင်းပသွားပါမယ်။
 
၂၀၂၁ ခုနှစ်မှလွဲလို့ ၂၀၂၀ ပြည့်နှစ်ကတည်းက ဒီပြိုင်ပွဲကို လက်ခံကျင်းပပေးခဲ့တဲ့ ဆော်ဒီအာရေဗျမှ ပြောင်းရွှေ့ဖို့ သီတင်းပတ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းပြီးနောက် အခုလိုအပြောင်းအလဲ ထွက်ပေါ်လာတာပါ။ ဆော်ဒီကတော့ အာရှဖလားပြိုင်ပွဲနဲ့ ရက်တိုက်နေလို့ ၂၀၂၇ ခုနှစ်အတွက် စပိန်စူပါဖလားပြိုင်ပွဲကို လက်ခံကျင်းပနိုင်ခြင်း မရှိပါဘူး။