လက်ရှိခြေစွမ်းကို ထိန်းသိမ်းထားဖို့ နယ်သာလန်ကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ ရော်နယ်ကိုးမန်း
နယ်သာလန်လက်ရွေးစင်နည်းပြ ရော်နယ်ကိုးမန်းက ယမန်နေ့ည ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရိုမေးနီးယားကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် သူ့ရဲ့အသင်းဟာ ယခုပွဲစဉ်က စွမ်းဆောင်ရည်မျိုးကို ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပထမပိုင်းမှာ ကိုဒီဂတ်ပိုရဲ့သွင်းဂိုးနဲ့အတူ ရိုမေးနီးယားကို ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ နယ်သာလန်ဟာ ဒုတိယပိုင်းမှာလည်း မေလန်ရဲ့သွင်းဂိုး ၂ ဂိုး ထပ်မံရရှိခဲ့တဲ့အပြင် နောက်ထပ် သွင်းဂိုးတွေရရှိဖို့ ပွဲကို အစအဆုံး စိုးမိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်အတွင်း နယ်သာလန်ရဲ့စွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့အပတ်က အုပ်စုအတွင်း ဩစတြီးယားကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ သိသိသာသာကွာခြားမှုရှိခဲ့ပြီး အတော်လေး တိုးတက်လာခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ကိုးမန်းက “ကျွန်တော်တို့အသင်းက တစ်ပွဲမှာ ကောင်းလိုက်၊ တစ်ပွဲမှာညံ့လိုက်ဖြစ်နေတာ ဘာကြောင့်လဲတော့မသိပါဘူး။ ဒါကပြောရခက်ပါတယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ ပွဲအစကတည်းက ခြေစွမ်းကောင်းခဲ့ပြီး ခြားနားမှုကို ပြသနိုင်ခဲ့ပါတယ်။ ထောက်ပြစရာအချက်ဆိုလို့ ဒုတိယဂိုးသွင်းနိုင်ဖို့ အချိန်ကြာခဲ့တာပဲရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် လာမယ့်စနေနေ့မှာတော့ နယ်သာလန်ဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဩစတြီးယားကို ၂-၁ အနိုင်ရခဲ့တဲ့ တူရကီနဲ့ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ကိုးမန်းက ယခုပွဲစဉ်မှာ တောင်ပံနှစ်ဖက်က စွမ်းဆောင်ရည်နဲ့ ကွင်းလယ်က ဇာဗီဆိုင်မွန်ရဲ့ခြေစွမ်းက နိုင်ပွဲရဲ့ အဓိကသော့ချက်တွေဖြစ်ခဲ့ကြောင်းနဲ့ ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ဖို့ဆိုရင် လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားဖို့လိုတယ်လို့ ထောက်ပြလာခဲ့ပါတယ်။
ကိုးမန်းက “အမြဲတမ်းအရေးအကြီးဆုံးက ရလဒ်ဆိုပေမယ့် ကျွန်တော်တို့အသင်းက လူပေးကစားတဲ့နေရာမှာ အရမ်းကောင်းတယ်ဆိုတာ သိပါတယ်။ ဒီနေ့ပွဲစဉ်တစ်ပွဲလုံးရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်။ ဒီပြိုင်မှာ ကျွန်တော်တို့ဒီအတိုင်းပဲ ဆက်လုပ်သွားနိုင်ဖို့လိုပါတယ်။ ဒီအဆင့်ကနေ ကျသွားမယ်ဆိုရင်တော့ ဗိုလ်လုပွဲကိုရောက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေအများကြီးရှိတာလူတိုင်းသိပါတယ်။ ဒါပေမယ့် ဒါကိုသေချာချင်ရင်တော့ ပြိုင်ပွဲမှာ တစ်ခုခုလုပ်ပြနိုင်ရပါမယ်”
“လူတွေက ကျွန်တော်တို့အသင်းကို ၁၉၈၈ ခုနှစ်တုန်းက နယ်သာလန်အသင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့က လက်ရှိစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားရပါမယ်။ ဒါပေမယ့် အဲဒီခေတ်ကထက်စာရင် အခုချိန်မှာ ဘောလုံးက ပြောင်းလဲသွားပါပြီ။ ဒီဘက်ခေတ်မှာ ဘောလုံးက ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွေပိုများပြီး မြန်မြန်ကစားဖို့နဲ့ နည်းစနစ်ကောင်းဖို့လိုပါတယ်။ အင်္ဂလန်၊ ပေါ်တူဂီနဲ့ လက်ရှိကျန်ခဲ့တဲ့ဘယ်အသင်းမဆို ဒီပြိုင်ပွဲမှာ ရှေ့ဆက်နိုင်ဖို့ ကိုယ်ပိုင်ပြဿနာတွေ ကိုယ်စီရှိကြမှာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။