ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ပြီလို့ အတည်ပြုလိုက်တဲ့ တော့တင်ဟမ်ကွင်းလယ်လူဇာဗီဆိုင်မွန်စ်
တော့တင်ဟမ်အသင်းကွင်းလယ်လူဇာဗီဆိုင်မွန်စ်က နယ်သာလန်အသင်းနဲ့အတူ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို လွဲချော်သွားပါတော့မယ်။
ဒူးဒဏ်ရာရရှိခဲ့တဲ့ ဆိုင်မွန်စ်အတွက် အခုဘောလုံးရာသီ အဆုံးသတ်သွားခဲ့ပါပြီ။ သတင်းတွေအရ သူရဲ့ဒဏ်ရာက ဒူးအရွတ်စုတ်ပြဲဒဏ်ရာဖြစ်နိုင်လို့ အစောဆုံးအဖြစ် အခုနှစ်ကုန်ပိုင်းလောက်မှသာ ကွင်းတွင်း ပြန်မြင်တွေ့ရဖို့ ရှိနေပါတယ်။
ဆိုင်မွန်စ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် "ဘဝဟာ တစ်ခါတလေမှာ အရမ်းရက်စက်တတ်တယ်လို့ ပြောကြတယ်၊ ဒီနေ့မှာတော့ ကျွန်တော် အဲဒီလိုပဲ ခံစားနေရပါတယ်။ ကျွန်တော့်ရဲ့ ဘောလုံးရာသီက ရုတ်တရက်ကြီး ပြီးဆုံးသွားခဲ့ပါပြီ၊ ဒါကို လက်ခံနိုင်ဖို့ ကြိုးစားနေရတုန်းပါ။ တကယ်ကို စိတ်ကြေကွဲရသလို ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာကိုလည်း စဉ်းစားလို့မရနိုင်ပါဘူး။ အသင်းအတွက် အစွမ်းကုန် တိုက်ပွဲဝင်ပေးချင်ခဲ့ပေမဲ့ အခုတော့ အဲဒီအခွင့်အရေးတွေရော၊ ကမ္ဘာ့ဖလားမှာ ကစားခွင့်ပါ လက်လွတ်လိုက်ရပါပြီ။ ဒီနွေရာသီမှာ နိုင်ငံလက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ဒီအခြေအနေကို စိတ်အေးအေးထားပြီး လက်ခံနိုင်ဖို့ အချိန်ယူရဦးမှာဖြစ်ပေမဲ့ အသင်းဖော်ကောင်းတစ်ဦးအဖြစ်တော့ အမြဲတမ်းဆက်ရှိနေမှာပါ။ ကျွန်တော်တို့အားလုံး အတူတကွ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုအချိန်မှစပြီး ယုံကြည်ချက်၊ ခွန်အားတွေနဲ့အတူ ဘောလုံးကွင်းဆီ ပြန်ရောက်လာမယ့်ရက်ကို စောင့်မျှော်ရင်း ဒီခရီးကို ဖြတ်သန်းသွားရပါဦးမယ်။ ကျွန်တော့်ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ပေးကြပါဦး" လို့ ရေးသားဖော်ပြခဲ့ပါတယ်။