The network connection is lost.

Banner Image

အယ်လ်နာဆာရဲ့ ယူရိုသန်း ၁၀၀ တန်ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ လီဝန်ဒေါစကီး

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာရဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၁၀၀ တန်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး စပိန်မြေမှာပဲ ကစားသမားဘဝ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အယ်လ်နာဆာဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဆက်လက်အင်အားဖြည့်တင်းဖို့ပြင်ဆင်နေတာဖြစ်ပြီး စူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ပေးဖို့ လီဝန်ဒေါစကီးထံ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပိုလန်သားကတော့ ဘာစီလိုနာမှာဆက်နေပြီး ဥရောပဘောလုံးလောကမှာပဲ ဆက်လက်ယှဉ်ပြိုင်လိုတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ 

လီဝန်ဒေါစကီးအနေနဲ့ အယ်လ်နာဆာရဲ့ကမ်းလှမ်းမှု ကို လက်ခံခဲ့ပါက လက်ရှိကမ္ဘာ့ဘောလုံးလောကအတွင်း လုပ်ခလစာအများဆုံးကစားသမားစာရင်းဝင်ဖြစ်လာနိုင်ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်တွေဟာ ဥရောပကြယ်ပွင့်ကစားသမားတွေကို ငွေကြေးနဲ့ဆွဲဆောင်နေပေမယ့် အချို့ကစားသမားတွေကတော့ ငွေကြေးထက် အောင်မြင်မှုကိုသာ လိုလားတာကြောင့် ဥရောပမှာပဲ ဆက်လက်ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။ 

လီဝန်ဒေါစကီးအနေနဲ့လည်း အသက်-၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ရည်ရွယ်ထားတာကြောင့် ဥရောပမှာ နေထိုင်ပြီး‌ အောင်မြင်မှုနောက်ကိုပဲ ဆက်လိုက်သွားမှာဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ကလည်း လီဝန်ဒေါစကီးကို ကမ်းလှမ်းမှုပြုလုပ်ခဲ့သေးပေမယ့် ယခုအခါမှာတော့ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကိုသာ အမိအရခေါ်ယူပြီး တိုက်စစ်ကို အင်အားဖြည့်တင်းထားခဲ့တာဖြစ်ပါတယ်။ 

ယခုနွေရာသီအတွင်း အယ်လ်နာဆာဟာ လီဝန်ဒေါစကီးကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ကင်စလေကိုးမန်းနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဂျာအိုဖီးလစ်ဇ်တို့ကတော့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဘာစီလိုနာနဲ့ ၂၀၂၆ ခုနှစ်အထိသာ စာချုပ်သက်တမ်းကျန်ရှိတော့ပေမယ့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ 

ဘိုင်ယန်မြူးနစ်မှ ပြောင်းရွှေ့လာပြီးကတည်းက လီဝန်ဒေါစကီးဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၄၇ ပွဲကစားပြီး ၁၀၁ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ လီဝန်ဒေါစကီအနေနဲ့ အယ်လ်နာဆာရဲ့ကမ်းလှမ်းမှု ကို ငြင်းပယ်ခဲ့ပြီဖြစ်တာကြောင့် ဘာစီလိုနာဟာ အသင်းရဲ့အဝတ်လဲခန်းအတွင်း ဩဇာရှိတဲ့ ခေါင်းဆောင်တစ်ယောက်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ယခုရာသီအတွင်း အောင်မြင်မှုတွေဆွတ်ခူးနိုင်ဖို့ တောင့်တင်းတဲ့လူစာရင်းကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါတယ်။ 

လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ဘာစီလိုနာဟာ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။