
အင်္ဂလန်သားကို ဘာစီလိုနာပေးချေမယ့်လုပ်ခလစာ ထွက်ပေါ်လာ
သတင်းတွေအရ ဘာစီလိုနာအသင်းဟာ တောင်ပံကစားသမားသစ် ရက်ရှ်ဖို့ဒ်ကိုပေးချေမယ့် လုပ်ခလစာထွက်ပေါ်လာတယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ကို ၁ ရာသီအငှားနဲ့ခေါ်ယူနိုင်ဖို့ အခြေခံသဘောတူညီမှုတွေရရှိခဲ့ပြီဖြစ်ပါတယ်။ အငှားစာချုပ်ထဲမှာ လာမယ့်နွေရာသီ အင်္ဂလန်သားကိုအပြီးသတ်ခေါ်ယူခွင့်လည်း ထည့်သွင်းချင်နေပါတယ်။ အာမိုရင်လက်အောက်မှာ နေရာမရခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယရာသီဝက်ကို ဗီလာအသင်းထံမှာ အငှားထွက်ကစားခဲ့ရပါတယ်။
ဗီလာမှာအငှားကစားနေချိန် အသင်းအတွက် ၁၇ ပွဲမှာ ၄ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် နဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ အငှားကာလအတွင်း အင်္ဂလန်သားကို တစ်တပ်လုပ်ခပေါင် ၃၁၅၀၀၀ ပေးချေမှာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ အသင်းဖော်တွေဖြစ်တဲ့ ဆန်ချို ၊ ဂါနာချို ၊ အန်တိုနီ ၊ မာလာစီယာတို့နဲ့အတူ သီးသန့်လေ့ကျင့်ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်ထွက်ခွာမှုကြောင့် ယူနိုက်တက်ဟာ ကျောနံပတ် ၁၀ ကို ကစားသမားသစ် ကန်ဟာကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ၄၂၆ ပွဲမှာ ၁၃၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၇၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် အသင်းနဲ့အတူ အက်ဖ်အေဖလား ၊ ကာရာဘောင် ၂ ကြိမ် နဲ့ ယူရိုပါလိဂ် ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ အခုနွေရာသီမှာ တောင်ပံကစားသမား ရွန်နေ ၊ ဂိုးသမား ဂါစီယာတို့ကိုခေါ်ယူထားနိုင်ခဲ့ပြီး အခုရက်ရှ်ဖို့ဒ်ကို ထပ်မံခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
ဘယ်တောင်ပံနေရာအတွက် ဘာစီလိုနာဟာ ဝီလီယံကိုအဓိကပစ်မှတ်ထားခဲ့ပေမယ့် ကစားသမားက ဘီလ်ဘာအိုမှာသာ ဆက်နေခဲ့ပါတယ်။ အဆိုပါအခြေအနေကြောင့် ရက်ရှ်ဖို့ဒ်ကိုသာ အငှားနဲ့ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့လကအင်တာဗျူးမှာလည်း အင်္ဂလန်သားက ယာမဲလ်နဲ့တွဲဖက်ကစားရမယ့်အပေါ် “သေချာပါတယ်။ လူတိုင်းက အကောင်းဆုံးကစားသမားတွေနဲ့တွဲကစားချင်ကြပါတယ်။ ကျွန်တော်လည်း ထို့နည်းတူပါပဲ။ ဆက်လက်စောင့်ကြည့်ရမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။