
တင်းမာမှုတွေရှိလာတာကြောင့် စာချုပ်သစ်အဆင်မပြေဖြစ်လာတဲ့ ရီးရဲလ်စတား
သတင်းတွေအရ ရီးရဲလ်စတား ဗင်နီဆီးယက်စ်ဟာ စာချုပ်သစ်မှာ အသင်းဖော် ဘာပေထက် လုပ်ခလစာပိုတောင်းနေတာကြောင့် တင်းမာမှုတွေရှိလာနေပြီး အဆင်မပြေဖြစ်လာတယ်လို့ သိရပါတယ်။ မက်ဒရစ် နဲ့ ဗင်နီတို့ကြား စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေရှိနေပြီး အဆိုပါစာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် အသင်းမှာ ၂၀၃၀ အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ဒိုဒီပို့တီဗို့သတင်းဌာနကတော့ ၂ ဦး ၂ ဖက်ဆွေးနွေးမှုတွေဟာ အဆင်မပြေဖြစ်လာတယ်လို့ ဆိုပါတယ်။နောက်ကွယ်က အကြောင်းအရာကတော့ ဘရာဇီးသားဟာ စာချုပ်သစ်ထဲမှာ အသင်းဖော် ဘာပေထက် လုပ်ခလစာပိုမိုတောင်းဆိုနေတယ်လို့ သိရပါတယ်။
အဆိုပါလုပ်ခလစာကြောင့် ဗင်နီဟာ ရီးရဲလ်ရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ အသင်းဘက်က သူတောင်းဆိုတဲ့လုပ်ခလစာမျိုးပေးဖို့အဆင်သင့်မဖြစ်သေးသလို ဆွေးနွေးမှုတွေဆက်လုပ်မှာဖြစ်ကာ သင့်တော်တဲ့ကမ်းလှမ်းမှုရလာခဲ့ရင်လည်း လက်လွှတ်ဖို့လမ်းဖွင့်ထားပါတယ်။
အသက် ၂၅ နှစ်သားဟာ ရီးရဲလ်အသင်းထံ ၂၀၁၈ တုန်းက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးပါတယ်။ စာချုပ်သစ်အတွက် ဆက်လက်ဆွေးနွေးနေပေမယ့် လုပ်ခလစာအများဆုံးတောင်းဆိုနေမှုက အဟန့်အတားဖြစ်နေပါတယ်။ ရီးရဲလ်အသင်းဘက်က ဗင်နီကိုတစ်ရာသီလုပ်ခပေါင် ၉ သန်းနဲ့ကမ်းလှမ်းထားပြီး ပြီးခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းကျဆင်းခဲ့တာကြောင့် ဗင်နီတောင်းဆိုတဲ့အတိုင်းလိုက်လျောချင်စိတ်မရှိတာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲမှာ ဗင်နီဟာ အသင်းအတွက် ၆ ပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုးသာဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် ပီအက်စ်ဂျီနဲ့ဆီမီးဖိုင်နယ်ပွဲမှာလည်း ပွဲထွက်ခွင့်အစောပိုင်းကမရခဲ့ပဲ ဒုတိယပိုင်းမှသာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဗင်နီဟာ ဘော်လွန်းဒီအော်ဆုအတွက် ထိပ်ဆုံးကရေပန်းစားခဲ့ပေမယ့် မန်စီးတီးစတား ရိုဒရီက ကျော်ဖြတ်ကာရရှိခဲ့တာဖြစ်ပါတယ်။
အခုရာသီမှာတော့ ဒမ်ဘီလီ နဲ့ ယာမဲလ်တို့က သူ့ထက် ဘော်လွန်းဒီအော်ဆုရဖို့ ရေပန်းစားနေပါတယ်။ ရီးရဲလ်အသင်းဟာ မကြာခင်မှာ ပြင်ဆင်မှုတွေပြန်လုပ်မှာဖြစ်ပြီး ရီးရဲလ်အသင်းဘက်က တောင်းဆိုမှုကြောင့် လာမယ့် အိုဆာဆူနာနဲ့ လာလီဂါအဖွင့်ပွဲကို နောက်ဆုတ်မှာဖြစ်ပါတယ်။