The network connection is lost.

Banner Image

အလန်ရှီးယားရဲ့သွင်းဂိုးစံချိန်ကို ချိုးဖျက်ရန် ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ဟယ်ရီကိန်းကို တိုက်တွန်းလိုက်တဲ့ ဟက်စကီး

အီမီလီဟက်စကီးက ဟယ်ရီကိန်းကို အင်္ဂလန်ထိပ်တန်းလိဂ်ဆီ ပြန်လာပြီး ချိုးဖျက်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ယူဆရတဲ့ အလန်ရှီးယားရဲ့သွင်းဂိုးစံချိန်ကို ရိုက်ချိုးသွားဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မန်စီးတီးရဲ့ဟာလန်းကတော့ ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုအတွင်း ၃၆ ဂိုးအထိ သွင်းယူပြီး ယူနိုက်တက်ကြယ်ပွင့်ဟောင်းအန်ဒီကိုးလ်၊ နယူးကာဆယ်တိုက်စစ်မှူးဟောင်းအလန်ရှီးယားတို့ရဲ့ ၃၄ ဂိုးဆိုတဲ့ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အလန်ရှီးယားက ပရီးမီးယားလိဂ် ၄၄၁ ပွဲကစား၊ ဂိုး ၂၆၀ အထိ သွင်းယူကာ လိဂ်သမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဆက်လက်ရပ်တည်နေပြီး ဒီစံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက်တော့ အတော်လေးခက်ခဲနိုင်ပါတယ်။

ဒီလိုဂန္တဝင်တိုက်စစ်မှူးကြီးရဲ့စံချိန်ကို ချိုးဖျက်ဖို့ဆိုတာ တော့တင်ဟမ်မှ ဘိုင်ယန်မြူးနစ်ဆီ မပြောင်းရွှေ့ခင်ကတည်းက ဟယ်ရီကိန်းရဲ့ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟယ်ရီကိန်းက ပရီးမီးယားလိဂ် ၂၁၃ ဂိုးအထိ သွင်းယူထားပြီး အလန်ရှီးယားရဲ့စံချိန်ကိုလိုက်မီဖို့ ၄၇ ဂိုးသာ လိုအပ်ပါတော့တယ်။

ဟက်စကီးကလည်း ဟယ်ရီကိန်းကို ဒီစံချိန်လိုက်မီရုံမက ချိုးဖျက်ပြနိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ပရီးမီးယားလိဂ်ဆီ ဟယ်ရီကိန်းပြန်လာပြီး အလန်ရှီးယားရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

တကယ်လို့ ပရီးမီးယားလိဂ်ဆီ ဟယ်ရီကိန်း ပြန်လာမယ်ဆိုရင် တစ်ရာသီ ဂိုး ၂၀ ကျော် မသွင်းနိုင်စရာ အကြောင်းမရှိပါဘူး။ သူရရှိတဲ့ အခွင့်အရေး အရေအတွက်တွေနဲ့ သူ့ရဲ့ ကန်သွင်းချက်တွေက ပျောက်ကွယ်မသွားပါဘူး။ အသက်ကြီးလာရင် သိပ်မထက်မြက်တော့ဘူးလို့ ထင်ရပေမဲ့ သူက ဒီပစ်မှတ်ကို ထိမှန်အောင် ကန်သွင်းနိုင်ဆဲ၊ အခွင့်အရေးတွေ ဖန်တီးနိုင်ဆဲ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ကစားသမားတွေကို မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ဒန်နီဝဲလ်ဘတ်ဆို အသက် ဘယ်လောက်ရှိပြီလဲ။ လူကာမိုဒရစ်လည်း အသက် ၄၁ နှစ်အထိ ဘောလုံးကစားနေပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဟယ်ရီကိန်းက ပုံမှန်မကစားနိုင်ဘူးဆိုရင်တောင် အနည်းဆုံး ၁၀ ဂိုးမှ ၁၅ ဂိုးလောက်တော့ သွင်းယူနိုင်ပါတယ်။ သူ့အတွက် ပွဲထွက်ကစားသမားဖြစ်လာဖို့ဆိုတာတော့ ဖြစ်နိုင်ခြေနည်းပါတယ်"လို့ ဟက်စကီးက ဆိုပါတယ်။

ဟယ်ရီကိန်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂျာမန်ကလပ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ သူက အသက် ၃၃ နှစ်အရွယ် ရှိလာလို့ နောက်ထပ်နှစ်အနည်းငယ်လောက်အထိ ဘောလုံးဆက်ကစားနိုင်ပေမဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လာမလားဆိုတာတော့ မသေချာသေးပါဘူး။