The network connection is lost.
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဘုရင်တွေအဖြစ် ချီးကျူးသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ၃ကြိမ်ဆက်တိုက်အဖြစ် ဒီနှစ်ရာသီမှာလည်း ရင်ဆိုင်ကြရမှာပါ။
ပြီးခဲ့တဲ့နှစ်ကတော့ မန်စီးတီးက နှစ်ကျော့ပေါင်းရလဒ် ၅-၁ဂိုးနဲ့ ရီးရဲလ်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ မက်ဒရစ်ဟာ အင်အားကြီးကလပ်တစ်ခုဖြစ်နေဆဲလို့ ယုံကြည်ထားပြီး ခက်ခဲတဲ့ ပွဲစဉ်တွေကို ရင်ဆိုင်ဖို့ မျှော်မှန်းထားခဲ့ပါတယ်။
ဂွါဒီယိုလာက "သူတို့နဲ့ ကစားရတာက အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ချန်ပီယံလိဂ်၁၄ကြိမ်ရထားတဲ့ ဘုရင်နဲ့ ၃နှစ်ဆက်တိုက်ရင်ဆိုင်ရပါတယ်။ အခုလည်း ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ မက်ဒရစ်မှာ ပထမပွဲမကစားခင် ရက်သတ္တပတ်အနည်းငယ်ကျန်ပါသေးတယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ မဲနှိုက်တာကိုတော့ ထိန်းချုပ်လို့မရပါဘူး။ ပုံမှန်အားဖြင့် လူတွေက ဒီလိုပွဲတွေဟာ လွယ်ကူတယ်လို့ထင်ပြီး ပြိုင်ဘက်ကို အထင်သေးတတ်ကြပါတယ်။ အခု ရီးရဲလ်မက်ဒရစ်က ဘယ်လိုအသင်းမျိုးလည်းဆိုတာ ပြောရမယ့် အချိန်မဟုတ်ပါဘူး။ ဒုတိယအကျော့က အိမ်ကွင်းမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂နှစ်စလုံး အဝေးကွင်းမှာ ကစားခဲ့ရတာပါ။ အခုတော့ ဒီလိုဖြစ်လာပါပြီ။ ကျွန်တော်တို့ သူတို့နဲ့ကစားရမယ့် ၂ပွဲကို အကောင်းဆုံးလုပ်ပြပြီး နောက်တစ်ဆင့်တက်နိုင်ရပါမယ်"လို့ ပြောခဲ့ပါတယ်။
ရီးရဲလ်ဟာ ချန်ပီယံလိဂ်အတွေ့အကြုံရင့်တဲ့အသင်းဖြစ်တာကြောင့် မန်စီးတီးနဲ့ရင်ဆိုင်ရတာက သူတို့အတွက် ထူးခြားစေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဂွါဒီယိုလာက "မန်စီးတီးက အသင်းသစ်လိုမျိုးဖြစ်နေပြီး ရီးရဲလ်အတွက်ကျ ကွာတားဖိုင်နယ်မှာ ကစားရတာ ဘာမှမထူးခြားပါဘူး။ ကျွန်တော်တို့အတွက်တော့ လွန်ခဲ့တဲ့နှစ်တွေက ဗိုလ်လုပွဲ၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ၊ အခု ကွာတားဖိုင်နယ်လိုအဆင့်မျိုးတွေ ရောက်နေတဲ့အတွက် ခြေစွမ်းတည်ငြိမ်တည်လို့ ပြောရမှာပါ။ ကျွန်တော်တို့ ဥရောပမှာကစားရင် ဒီလိုတည်ငြိမ်မှုမျိုး လိုအပ်ပါတယ်။ အခု ရီးရဲလ်လည်းတူတူပါပဲ။ ကျွန်တော်တို့ တစ်ခါတစ်လေ နိုင်ပြီး နောက်တစ်ဆင့်တက်တယ်။ တစ်ခါတစ်လေ ထွက်ရတယ်။ ကျွန်တော်ကတော့ ပြိုင်ဘက်ကို အာရုံသိပ်မထားပါဘူး။ ပြိုင်ဘက်အားလုံးက တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီလိုအစဉ်အလာကောင်းတဲ့ ပြိုင်ပွဲမှာ ကစားရလို့ စိတ်လှုပ်ရှားပါတယ်။ ကျွန်တော် အမြဲပြောခဲ့သလိုပဲ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီအေ ဘယ်လိဂ်က အခက်ဆုံးလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ဥရောပပြိုင်ပွဲကို အသင်းနဲ့အတူ သွားရောက်ယှဉ်ပြိုင်ရတဲ့ ခံစားချက်ကတော့ ထူးခြားပါတယ်"လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ယနေ့ညမှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။