
ဆုဖလားအောင်မြင်မှုတွေရယူဖို့ အယ်လ်အေအက်ဖ်စီသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်တယ်လို့ ဆိုလာတဲ့ ဆွန်ဟောင်မင်
တော့တင်ဟမ်နဲ့လမ်းခွဲပြီးနောက် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီသို့ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်က သူ့အနေနဲ့ ကစားသမားဘဝ ဆုဖလားအောင်မြင်မှုတွေရယူဖို့ အမေရိကန်မြေသို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဆွန်ဟာ အယ်လ်အေအက်ဖ်စီနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ပါသဘောတူညီချက်တွေအရ ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးမြှင့်နိုင်တယ်လို့သိရပါတယ်။ အယ်လ်အေအက်ဖ်စီအနေနဲ့လည်း အသင်းရဲ့တိုက်စစ်ကြယ်ပွင့်သစ်ကို ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
အသက်-၃၃ နှစ်အရွယ်တောင်ကိုရီးယားအသင်းခေါင်းဆောင်ကိုခေါ်ယူဖို့ အယ်လ်အေအက်ဖ်စီဟာ ဒေါ်လာ ၂၆.၅ သန်းအထိသုံးစွဲခဲ့ရတာကြောင့် မေဂျာလိဂ်သမိုင်းတစ်ယောက် တန်ကြေးအမြင့်ဆုံးခေါ်ယူမှုအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ တော့တင်ဟမ်မှာနေထိုင်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ဆွန်ဟာ အသင်းအတွက် စုစုပေါင်း ၁၇၃ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁၀၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွန်ဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော အာရှကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဆွန်က "ကျွန်တော့်အနေနဲ့ ဥရောပမှာ အောင်မြင်တဲ့ကစားသမားဘဝ တည်ဆောက်နိုင်ခဲ့လို့ ဒီအသင်းကိုပြောင်းရွှေ့လာခဲ့တာမဟုတ်ပါဘူး။ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်ဖြစ်ပြီး အကောင်းဆုံးလုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ အသင်းအတွက် အပြည့်အဝပေးဆပ်ပြီး ဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားသွားပါမယ်"
"ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေရချင်ပါတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို ဒီမှာလည်း ဆက်ပြသွားဦးမှာပါ။ ကျွန်တော်တို့သေချာပေါက် ဆုဖလားတွေဆွတ်ခူးသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ ဆွန်နဲ့ပတ်သက်ပြီး အယ်လ်အေအက်ဖ်စီ တွဲဖက်ဥက္ကဌ ဂျွန်သော်ရင်တန်က "ဆွန်က ကမ္ဘာ့နာမည်ကျော် ကစားသမားတစ်ဦးပါ။ ပြီးတော့သူက ခြေစွမ်းပိုင်းတည်ငြိမ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ကမ္ဘာ့ဘောလုံးအဆင့်မှာ သက်သေပြထားပါတယ်။ သူ့ရဲ့ရည်မှန်းချက်၊အရည်အသွေးနဲ့ စိတ်ဓာတ်တွေက ကျွန်တော်တို့အသင်းအတွက် တန်ဖိုးရှိစေမယ်လို့ယုံကြည်ပါတယ်။ အသင်းကိုရွေးချယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အသင်းကို ကွင်းတွင်း ကွင်းပြင် နှစ်ဘက်စလုံးမှာ အကူအညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆွန်ဟာ ယခင်ကတော့တင်ဟမ်ကစားသမားဟောင်းတွေဖြစ်ခဲ့ကြတဲ့ ဂါရတ်ဘေးလ်၊ ဟူဂိုလိုရစ်တို့လိုပဲ လော့စ်အိန်ဂျလိစ်သို့ ပြောင်းရွှေ့အခြေချခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး တောင်ကိုရီးယားသားက "အယ်လ်အေအက်စ်ဖီကိုပြောင်းနိုင်ခဲ့လို့ ကျွန်တော်အများကြီးဂုဏ်ယူပါတယ်။ ဒီအသင်းက ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ ကမ္ဘာ့အားကစားမှာ ထူးခြားတဲ့ အသင်းတစ်သင်းပါ။ မေဂျာလိဂ်မှာကြုံတွေ့သွားရမယ့် စိန်ခေါ်မှုအသစ်တွေအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်။ အသင်းနဲ့အတူကစားရဖို့ မစောင့်နိုင်တော့ပါဘူး"
"ကျွန်တော် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂါရတ်ဘေးလ်၊ ဟူဂိုလိုရစ်တို့နဲ့ တွဲကစားခဲ့ဖူးသလို၊ လက်ရွေးစင်အသင်းဖော် ကင်မွန်ဟွမ်နဲ့လည်း တောင်ကိုရီးယားမှာကစားခဲ့ဖူးပါတယ်။ သူတို့နဲ့ စကားပြောဖြစ်ခဲ့ပြီး အကူအညီနဲ့ အကြံဉာဏ်တွေအများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့ ကိုရီးယားနိုင်ငံသားတွေလည်း ဒီမြို့မှာ အများကြီးနေထိုင်ကြပါတယ်။ ဒီမြို့မှာရှိတဲ့ ကိုရီးယားလူမျိုးတွေအတွက် ဂုဏ်ယူရအောင်စွမ်းဆောင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆွန်ဟာတောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သလို အာရှဖလားပြိုင်ပွဲမှာလည်း ၄ ကြိမ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အာရှဖလားပြိုင်ပွဲမှာတော့ ဆွန်ဟာ တောင်ကိုရီးယားအသင်းအတွက် ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်ကြယ်ပွင့်ဟောင်းဟာ တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၅၁ ဂိုးအထိသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။
ဆွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးပြီး တော့တင်ဟမ်ရဲ့ ကာလရှည်ဆုဖလားမိုးခေါင်မှုကို ရပ်တန့်ပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ကစားသမားဟာ တော့တင်ဟမ်နဲ့စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာကြောင့် ယခုအခါမှာ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ အယ်လ်အေအက်ဖ်စီဟာ မေဂျာလိဂ်ပွဲစဉ်အဖြစ် ချီကာဂိုဖိုင်းရားအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆွန်အနေနဲ့ မေဂျာလိဂ်ပွဲဦးထွက်ကို အဆိုပါပွဲစဉ်မှာ စတင်သွားနိုင်ချေရှိပါတယ်။