The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာ စီရော်နယ်လ်ဒိုထက် ဂါရတ်ဘေးလ်က ပိုပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့ ကတ်စ်မဲရိုး ဝန်ခံပြောကြား

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က စီရော်နယ်လ်ဒိုထက် ဂါရတ်ဘေးလ်က ပိုပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့တယ်လို့ ယူဆကြောင်း ကတ်စ်မဲရိုးက ဖွင့်ဟလိုက်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ လူကာမိုဒရစ်၊ စီရော်နယ်လ်ဒို၊ ဘန်ဇီးမား၊ ဆာဂျီယိုရာမို့စ်နဲ့ တိုနီခရူးစ်တို့လို ကစားသမားတွေပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အဆင့်မီ ထူးချွန်တဲ့ကစားသမားတွေနဲ့အတူ ကစားခဲ့ဖူးပေမဲ့ ယူနိုက်တက်ကွင်းလယ်လူကတော့ ဂါရတ်ဘေးလ်ဟာ ကွင်းအတွင်း နေရာအနှံ့မှာ ကူညီပေးနိုင်တဲ့အတွက် သူနဲ့အတူတွဲကစားခဲ့ဖူးသမျှထဲမှာ အပြည့်စုံဆုံးကစားသမားဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဝေးလ်အသင်းခေါင်းဆောင်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ၂၀၂၃ ခုနှစ်မှာ အနားယူသွားခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ဂါရတ်ဘေးလ်ကို Rio Ferdinand Presents ယူကျုချန်နယ်ကတစ်ဆင့် ချီးကျူးစကားဆိုခဲ့တာ ဖြစ်ပါတယ်။

"စီရော်နယ်လ်ဒိုက ဂိုးတွေအများကြီးသွင်းနိုင်တယ်။ အနည်းဆုံး ၁၅ ဂိုးလောက်တော့ အမြဲသွင်းတယ်။ ဒါပေမဲ့ ဘေးလ်ကတော့ တိုက်စစ်ဆင်တယ်၊ ခံစစ်ကူတယ်၊ ခေါင်းတိုက်တယ်၊ ဂိုးသွင်းတယ်၊ ပြစ်ဒဏ်ဘောတွေလည်း ကန်နိုင်တယ်။ စီရော်နယ်လ်ဒိုကတော့ အကောင်းဆုံးပါ။ သူက တခြားအဆင့်အတန်းတစ်ခုမှာ ရှိနေသူပါ။ စီရော်နယ်လ်ဒိုကိုတော့ ဒီနှိုင်းယှဉ်ချက်ထဲက ခေတ္တဖယ်ထားလိုက်ပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဘေးလ်က ပိုပြီးပြည့်စုံတဲ့ အကောင်းဆုံးကစားသမားပါ" လို့ ကတ်စ်မဲရိုးက ပြောပါတယ်။

"ဘာလို့လဲဆိုတော့ သူက တိုက်စစ်ရော ခံစစ်ပါ ကောင်းတယ်။ ခေါင်းတိုက်တာ၊ ပြစ်ဒဏ်ဘောကန်တာ အကုန်လုပ်နိုင်တယ်။ အရာရာတိုင်းကို ကောင်းကောင်းလုပ်နိုင်သလို အရမ်းလည်းမြန်ပြီး သန်မာပါတယ်။ ကျွန်တော့်အတွက်တော့ ဘေးလ်ဟာ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါပဲ" လို့လည်း ဆက်ပြောပါတယ်။

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ၂၅၈ ပွဲ ကစားပေးခဲ့ပြီး ၁၀၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် လာလီဂါဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိ ရရှိအောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ စပိန်မှာကစားစဉ်က ပြီးပြည့်စုံတဲ့သူ မဟုတ်ခဲ့ဘူးလို့ ကတ်စ်မဲရိုးရဲ့ ပြောကြားချက်ဟာ ရီးရဲလ်ပရိသတ်အများအပြားကို အံ့အားသင့်စေခဲ့ပါတယ်။ ဂါရတ်ဘေးလ်ကတော့ ကစားသမားဘဝ နောက်ဆုံးပိုင်းမှာ ဒဏ်ရာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ရီးရဲလ်ကနေ LAFC အသင်းဆီ ပြောင်းရွှေ့ခဲ့ကာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။