The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်အရှိန်အဝါအကြောင်း ရှင်းပြလာတဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် အအောင်မြင်ဆုံးကလပ်အသင်းဖြစ်ပြီး ဒီညမှာလည်း သူတို့ရဲ့ စံချိန်တင် ၁၅ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားအတွက် ဒေါ့မွန်နဲ့ရင်ဆိုင်သွားရပါလိမ့်မယ်။ ဒါကြောင့် စပိန်ဘီလူးကြီးတွေက ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ အလေးစားရဆုံးကလပ်အသင်းဖြစ်နေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဂါရတ်ဘေးလ်ကတော့ သူ့ရဲ့အသင်းဟောင်းအနေဖြင့် ပြိုင်ဘက်တွေအပေါ် သိသိသာသာအသာစီးရထားတဲ့ စိတ်ပိုင်းဆိုင်ရာ အားသာချက်တစ်ခု ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူက စပိန်ဘီလူးကြီးနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ငါးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့ပါတယ်။

The Guardian သတင်းဌာနနဲ့ မေးမြန်းခန်းတစ်ခုမှာ ဘေးလ်က “ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်မှာ အရှိန်အဝါတစ်ခု ရှိပါတယ်။ အဲ့ဒီမှာ ကစားနေချိန်တုန်းကတောင် ဒီအချက်ကို ရှင်းပြဖို့ ခက်ခဲခဲ့ပါတယ်။ သေချာတာကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ရီးရဲလ်မက်ဒရစ်နဲ့ ပရိသတ်တွေအတွက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ 

တန်ဖိုးအကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်သလို နှစ်တိုင်းလည်း ဒီပြိုင်ပွဲမှာ အောင်ပွဲရယူဖို့ အဓိကအာရုံစိုက်ထားပါတယ်။ ပုံစံကောင်းပျောက်ပြီး ဆိုးရွားတဲ့အခိုက်အတန့်တွေမှာတောင် ကျွန်တော်တို့တွေက ပွဲစဉ်တစ်ခုဆီပြန်လာပြီး ဒီပွဲစဉ်ကို အနိုင်ရရှိဖို့အတွက် နည်းလမ်းတစ်ခု အမြဲတမ်းရှာဖွေနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဥရောပဆုဖလားကြီးက လိုက်ဖက်မှုရှိပါတယ်။ပြိုင်ဘက်အသင်းတိုင်းကလည်း ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ကစားဖို့ ထိတ်လန့်နေကြပြီး ဒါက အလွန်အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုဘောလုံးရာသီ၊ လာလီဂါနဲ့ စပိန်စူပါဖလားအောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်တဲ့ အန်ဆယ်လော့တီရဲ့အသင်းအတွက် နောက်ထပ်ချန်ပီယံလိဂ်အောင်မြင်မှုကိုသာ ထပ်မံပေါင်းထည့်နိုင်မယ်ဆိုရင် လက်ဖျားခါလောက်စရာဘောလုံးရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်။