The network connection is lost.

Banner Image

ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုအတွင်း စိတ်ကသိကအောက်ဖြစ်စရာ ဆုံးဖြတ်ချက်တွေအပေါ် ပေါက်ကွဲခဲ့တဲ့ မာရက်စ်ကာ

ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုအတွင်း ချဲလ်ဆီးအသင်း ဘဝင်မကျဖြစ်စေတဲ့ ကွင်းလယ်ဒိုင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့  တစ်ဦးဦးကတော့ တာဝန်အပြည့်အဝယူသင့်ပြီလို့ နည်းပြမာရက်စ်ကာက ဝေဖန်ပြောဆိုခဲ့ပါတယ်။ ကွင်းလယ်ဒိုင်တွေရဲ့အဓိကအဖွဲ့အစည်းဖြစ်တဲ့ PGMOL ကို သိသိသာသာဝေဖန်မှုမှာ မာရက်စ်ကာက သူ့ရဲ့အသင်းအတွက် ဝေဖန်မှုတွေ လုံးဝမရှိသင့်ဘူးလို့ အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီတာလျံသားနည်းပြက ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ နက်တိုအပေါ် မစ်ချဲလ်ရဲ့ကစားပုံကြောင့် ချဲလ်ဆီးတို့ သေချာပေါက်ပယ်နယ်တီရရှိသင့်တယ်ဆိုတဲ့ PGMOL ရဲ့သတင်းစကား ကလပ်အသင်းဆီ ရောက်ရှိလာတယ်လို့တောင် ရှင်းပြခဲ့ပါတယ်။

နောက်ထပ်အငြင်းပွားစရာဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဘုန်းမောက်နဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အတွင်း ကူကူရယ်လာကို နောက်မှဆွဲထားခဲ့တဲ့ ဒေးဗစ်ဘရွတ်စ်အပေါ် အဝါကတ်သာ ပြသခဲ့တဲ့အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ကွင်းလယ်ဒိုင်က အနီကတ်ပြစ်ဒဏ်သင့်၊မသင့် ပြန်လည်စစ်ဆေးနိုင်ဖို့ ကွင်းဘေးရှိမော်နီတာဆီ သွားရောက်စစ်ဆေးရန် ပျက်ကွက်ခဲ့ပါတယ်။ အခုလိုပျက်ကွက်မှုက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြိုင်ဘက်တွေကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖူလ်ဟမ်နဲ့သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း ဟယ်ရီဝီလ်ဆင်ရဲ့ သွင်းဂိုးမတိုင်ခင် နက်တိုရဲ့ဟန်ဆောင်လဲချမှုကို ထောက်ပြရင်း ချဲလ်ဆီးအသင်းဟာ မျက်နှာသာပေးမှုရရှိဖို့ မလိုအပ်တဲ့အပြုအမူတွေ လုပ်ဆောင်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အခုလိုပြောဆိုမှုအပေါ် မာရက်စ်ကာက “ ဒီလိုသာ ကျွန်တော့်ဆီ မေးမြန်းမယ်ဆိုရင် ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ကူကူရယ်လာရဲ့ဆံပင်ကို ဆွဲခဲ့တဲ့ ဂျက်စတီဖန်အတွက် အနီကတ်ပါပဲ။ ကျွန်တော့်အတွက် အခြားမတူညီတဲ့ဖြစ်ရပ်ကတော့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဘရွတ်ခ်ကို အနီကတ်ပြသခဲ့ပါမယ်။ လူတိုင်းကတော့ သူတို့အလိုရှိတဲ့အတိုင်း ပြောချင်ရာပြောနိုင်ကြပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့တွေ ဘယ်အရာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေက ကျွန်တော်တို့အတွက် ပယ်နယ်တီမပေးစေချင်ပေမယ့် နောက်ပိုင်းမှာတော့ ဒါက ပယ်နယ်တီဖြစ်သင့်တယ်ဆိုတဲ့ အီးမေးလ်တစ်ခု လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုတောင်းပန်မှုမျိုးကိုမှ ကျွန်တော်တို့ မလိုချင်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

မာရက်စ်ကာရဲ့ရည်ညွှန်းမှုက ဆဲလ်ဟတ်ပတ်ခ်ပွဲစဉ်မှာ နက်တို-မစ်ချဲလ်ဖြစ်ရပ်လို့ ယူဆရပေမယ့် PGMOL နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်အဆိုအရ ချဲလ်ဆီးအသင်းဆီ တောင်းပန်မှုတစုံတရာလုပ်ဆောင်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ ဆက်လက်ပြီး မာရက်စ်ကာက “ ဘုန်းမောက်နဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ VAR က အနီကတ်ပြစ်ဒဏ်ပဲလို့ အကြံပြုပေမယ့် ကွင်းလယ်ဒိုင်ရော့ဘ်ဂျုန်းစ်ကတော့ အဝါကတ်လို့ပဲ ပြောခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တစ်ဦးဦးကတော့ အပြည့်အဝတာဝန်ယူသင့်နေပါပြီ။ ကျွန်တော်တို့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကစားသမားအကုန်လုံးကို ကျွန်တော်ချစ်ပါတယ်”လို့ ပြောပါတယ်။ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် တနင်္လာညပိုင်းပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုလေ့ကျင့်ရေးအစီအစဉ်ကို ကိုးလ်ပယ်လ်မာ၊ ကိုလ်ဝဲ၊ လာဗီယာနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ ကြံ့ခိုင်မှုပိုင်းပြဿနာကြောင့်လွဲချော်ခဲ့လို့ ချဲလ်ဆီးအသင်း ချွေးပြန်နေရပါတယ်။