ဘုန်းမောက်မှထွက်ခွာသွားတဲ့ အီရာအိုလာကို ချီးကျူးစကားဆိုလိုက်တဲ့ တိုင်လာအဒမ်စ်နဲ့ ဒေးဗစ်ဘရွတ်ခ်
ဘုန်းမောက်ကြယ်ပွင့်တွေဖြစ်ကြတဲ့ တိုင်လာအဒမ်စ်နဲ့ ဒေးဗစ်ဘရွတ်ခ်တို့က အခုလအတွင်း လီဗာပူးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အီရာအိုလာအပေါ် ချီးကျူးစကား ဆိုခဲ့ကြပါတယ်။
ဘုန်းမောက်နည်းပြဟောင်းအီရာအိုလာက ရာသီသစ်မတိုင်ခင် နှစ်နှစ်သက်တမ်းရှိသဘောတူစာချုပ်ဖြင့် လီဗာပူးနည်းပြနေရာကို အစားထိုးတာဝန်ယူခဲ့ပါတယ်။
စပိန်လူမျိုးနည်းပြက ဘုန်းမောက်မှာ သူရဲ့ကိုယ်ပိုင်ဘောလုံးကစားဟန်ကို ချပြနိုင်ခဲ့လို့ လူတိုင်းရဲ့အထင်ကြီးလေးစားမှုကို ရရှိခဲ့ပြီး လီဗာပူးဘုတ်အဖွဲ့ရဲ့မျက်စိကျမှုကို ရယူနိုင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် နည်းပြတစ်ဦးထွက်ခွာသွားချိန်တိုင်း ကလပ်အသင်းဟောင်းရဲ့ပတ်ဝန်းကျင်မှာ မကောင်းတဲ့အငွေ့အသက်တွေ ကျန်ရစ်လေ့ရှိသလို ကစားသမားတွေကိုယ်တိုင်လည်း ကွင်းနောက်ကွယ်မှာ ထွက်ခွာသွားသူကို မကျေမနပ်ဖြစ်လေ့ ရှိကြပါတယ်။
ဒါပေမဲ့ အီရာအိုလာနဲ့ပတ်သက်လို့ မေးမြန်းလာချိန် အမေရိကန်ကွင်းလယ်ကစားသမားအဒမ်စ်က လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပြနိုင်မယ့်သူအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။
"သူတို့ ချန်ပီယံဖြစ်နိုင်မလား။ လီဗာပူးလား။ သေချာပေါက်ဖြစ်နိုင်တာပေါ့" လို့ အဒမ်စ်က ဆိုပါတယ်။
"အီရာအိုလာရဲ့ကစားကွက်၊ လီဗာပူးမှာရှိနေတဲ့ကစားသမားတွေရဲ့အရည်အသွေးနဲ့ သူကစားချင်တဲ့ ပုံစံတွေအောက်မှာ သေချာပေါက်ဖြစ်နိုင်ပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။
ဝေးလ်စ်ကစားသမား ဘရွတ်ခ်စ်ကလည်း ဘုန်းမောက်အသင်းမှ ထွက်ခွာသွားခဲ့တဲ့ နည်းပြအီရာအိုလာအတွက် အောင်မြင်မှုတွေ ရရှိပါစေရန် ဆုတောင်းပေးခဲ့ပါတယ်။
"သူက ဘုန်းမောက်မှာ ကောင်းမွန်တဲ့ဘောလုံးရာသီသုံးခု ဖြတ်သန်းပြီးနောက် အသင်းမှ ထွက်ခွာသွားတဲ့အခါ ထိပ်တန်းအသင်းတစ်ခုဆီ သွားတော့မယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ" လို့ စနေနေ့က ဘူခါရက်စ်မှာ ရိုမေးနီးယားကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဝေးလ်စ်အတွက် ဂိုးသွင်းယူပေးခဲ့တဲ့ လက်ရွေးစင်ကစားသမားက Press Association ဆီ ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ အဲဒီအသင်းက ဘယ်အသင်းဖြစ်မလဲ၊ ဘယ်နေရာမှာ ဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိခဲ့ကြပါဘူး။"
"အဲဒီမှာ သူ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ သူက ကျွန်တော့်အတွက်ရော၊ ကျွန်တော့်ရဲ့ကစားသမားဘဝအတွက်ပါ ကောင်းမွန်တဲ့သူဖြစ်ခဲ့သလို ဘုန်းမောက်အသင်းကိုလည်း ဥရောပပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။"
"သူ့အပေါ်မှာရော သူ့နောက်ကိုလိုက်သွားတဲ့နည်းပြအဖွဲ့ဝင်တွေအပေါ်မှာပါ ဘာအာဃာတမှ မရှိပါဘူး။ သူတို့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ပဲ ကျွန်တော်တို့ဆုတောင်းပေးပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့နဲ့ ကစားရမယ့်ပွဲတွေမှာတော့ မဟုတ်ဘူးပေါ့" လို့ ဆိုပါတယ်။
လတ်တလောမှာ အီရာအိုလာက ရာသီသစ်မတိုင်ခင် အသင်းကို ပြန်လည်တည်ဆောက်ရမယ့် တာဝန် ရှိနေပြီး ကစားသမားခေါ်ယူမှုတွေပြုလုပ်ဖို့အတွက် သူ့ရဲ့ကလပ်အသင်းဟောင်း၊ ဘုန်းမောက်အသင်းကစားသမားအချို့ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။